DVB Logo
Home
မြန်မာသတင်း
ပူတာအို နောင်မွန်မြို့နယ်၌ မေခမြစ်ကူးတံတားမရှိသဖြင့် ကျောင်းသားများ အခက်တွေ့
DVB
·
June 12, 2026
Photဝ: CJ
Photဝ: CJ
Donate to DVB

မြန်မာပြည်မြောက်ဘက်ဆုံးက ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ထဲက ဒဘူဒမ်းရွာ အနီး မေခမြစ်မှာ တံတားမရှိတော့လို့ ကျောင်းသားတွေနဲ့ ခရီးသွားပြည်သူတွေ အခက်တွေ့ နေကြပါတယ်။

ဒဘူဒမ်းရွာအနီး မေခမြစ်တံတားဟာ ပြီးခဲ့တဲ့နှစ် ရေကြီးတုန်းက တံတားပျက်စီးခဲ့တာဖြစ်ပြီး မိုးရာသီမှာ အရမ်းခက်ခဲနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"ရေကြီးလို့ တံတားက ရေထဲပါသွားတာ၊ ခုထိ ပြန်လည်တည်ဆောက်ပေးတာ မရှိဘူး။ ခုနောက်ပိုင်း က ဘတ်ဂျက်လည်း မရှိတော့ဘူးဆိုတော့ ဝါးဖောင်လုပ်ပြီးတော့ ကျနော်တို့ကိုယ်တိုင် ကူးပေး နေရတာ ဟုတ်တယ်။ သံကြိုးတွေနဲ့ ဟိုဘက်ဒီဘက် ဆွဲပေးနေတာ။ ဒါကြောင့် အရမ်းခက်ခဲတယ်။ ကျောင်းသားလေးတွေ၊ ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေလည်း ဒီကပဲ သွားနေကြတယ်။”

မေခမြစ်အထက်ပိုင်းမှာတော့ မိုးရွာတာနဲ့ ရေကြီးတာဖြစ်လို့ ရေကြီးတဲ့အချိန် မြစ်ကူးရတာ အသက် အန္တရာယ်ရှိတယ်လို့ မြစ်ကူးတဲ့နေရာမှာ ကူညီပေးနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

"ခုမြင်ရတာက ရေကျတဲ့အချိန်ပါ။ အရင်တလောမှာ ရေကြီးတဲ့အချိန် မြစ်ကူးခဲ့တဲ့ မိန်းကလေး ၂ ဦး လည်း ဝါးဖောင်မှောက်လို့ အသက်အန္တရာယ် ကြုံခဲ့ရတယ်။ ရေကြီးတဲ့အချိန်ဆို ဝါးဖောင်လှော် ရတာလည်း မလွယ်ဘူးလေ။ ဒါကြောင့် ကြိုးတွေ ဟိုဘက်ဒီဘက်ချည်ပြီးတော့ ဆွဲပေးနေရတာ။"

မေခမြစ်တံတားမရှိပေမဲ့ ဝါးဖောင်နဲ့ မြစ်ကူးသူတွေဟာ တရက်ကို ၁၀ ယောက်အထက် ရှိနေပြီး ဝါးဖောင်လှော်သူတွေလည်း ကျွမ်းကျင်နေလို့သာ ဘေးကင်းနေတာလို့ အကူအညီပေးနေသူက ပြောပါတယ်။

မေခမြစ်ကူးတံတားဟာ ဒေသခံပြည်သူလူထုအတွက် မရှိမဖြစ် အမြဲတမ်းသွားလာရတဲ့ နေရာဖြစ်လို့ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး အကူအညီပေးစေချင်တယ်လို့ နောင်မွန်ဒေသခံ လူငယ် တယောက်က ပြောပါတယ်။

"ဒါက တနှစ်ဖြစ်ပြီး နောက်တနှစ် မဖြစ်တဲ့ဟာလည်း မဟုတ်ဘူး။ နှစ်တိုင်းခက်ခဲမှာပဲ။ ခုလို ကျောင်းသားတွေ ကျောင်းသွားရမဲ့အချိန်၊ စားနပ်ရိက္ခာသယ်ယူဖို့ ဝါးဖောင်နဲ့ ကူးရတာ အရမ်းအန္တရာယ် များတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်တယ်။"

ခုမြင်နေရတဲ့ မေခမြစ်ကူးတံတားက ဒေသခံပြည်သူတွေအတွက် အသက်သွေးကြောဖြစ်ပြီး တောင်ပေါ်ဒေသဟာ ကဏ္ဍစုံ မရှိဆင်းရဲနေတာဖြစ်လို့ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဘတ်ဂျက် ချကာ တံတားတည်ဆောက်ပေးစေချင်တယ်လို့ နောက်ထပ်ဒေသခံတယောက်ကလည်း ပြောပါတယ်။

အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတည်ရှိရာ မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ အားလုံး ယနေ့အချိန်ထိ ခက်ခဲနေဆဲဖြစ်တဲ့ ဒေသတခု ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013