
ရုရှားနဲ့ ယူကရိန်းတို့ ဇူလိုင် ၃ ရက်ကနေ ၃ ရက်နေ့ မနက်အစောပိုင်းအထိ အပြန်အလှန် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတယ်လို့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါရက်အတွင်း တိုက်ပွဲပေါင်း ၂၆၈ ခုကို မှတ်တမ်းတင်ထားတယ်လို့ ယူကရိန်း တပ်မတော် စစ်ဦးစီးချုပ်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့တွေက ရုရှားကွပ်ကဲရေး စခန်း ၃ ခု၊ ဒရုန်းကွပ်ကဲရေးစခန်း ၅ ခုနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး ရုရှားဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၁၇ စင်းတို့က ပစ်မှတ် ၁၆ ခုကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေက လောင်စာဆီ၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေအပြင် တာဝေးပစ်မောင်းသူမဲ့ လေယာဉ်ထုတ်လုပ်ရေးနဲ့ သိုလှောင်ရုံနေရာ ၁၄၂ ခုမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံခြား ကြေးစားစစ်သားတွေရဲ့ ယာယီတပ်ဖြန့်နေတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ပြီး ခါခိဗ် ဒေသက နောက်ထပ် ရွာလေးရွာကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ ရက် အစောပိုင်းက အာဇို့ဗ် ပင်လယ်ပြင်အထက် ဝေဟင်ပိုင်နက်အတွင်း ရုရှားစစ်ရဟတ်ယာဉ် တစင်းကိုလည်း ထိမှန်အောင် ပစ်ခတ်ခဲ့ပြီး လူဟန့်စ်ခ် ဒေသ ဆီဗာစကီ ဒိုနက်စ် မြစ်ပေါ်က မီးရထား ခုတ်မောင်းတဲ့ တံတားကို ထိမှန်ခဲ့တယ်လို့ ယူကရိန်း စစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။










