
ချင်းပြည်နယ်ထဲကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်တွေ ထပ်မံဝင်ရောက်လာနေတယ်လို့ Hindustan Times သတင်းမှာ ဖော်ပြပါတယ်။
မေ ၁ ရက် ညနေက အိန္ဒိယ-မြန်မာနယ်စပ်အနီးက ခေါပွီးချိပ်ကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ယောက် သေဆုံးခဲ့ရသလို အဆောက်အအုံ ၁၅ လုံးကနေ ၂၀ ကြား ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုအရ သေဆုံးသူ ၇ ယောက်ထဲမှာ ၆ ယောက်ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့ဗ် ဗွီ ဇော်မာက ပြောပါတယ်။
အဆိုပါရွာအနီးတဝိုက်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေ မရှိတာကြောင့် စစ်တပ်က ဒေသခံပြည်သူတွေကို ထိတ်လန့်ကြောက်ရွံ့သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြေးခဲ့ကြရပြီး အဲဒီနေ့ညပိုင်းမှာတင် စစ်ဘေး ရှောင်အယောက် ၅၀ ကျော် ဝင်ရောက်လာခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ်ရဲစခန်းဆီက သိရပါတယ်။
ဒါ့အပြင် နယ်စပ်နဲ့ ၂ ကီလိုမီတာခန့်သာ ဝေးတဲ့ ဗန်ချီးယားနဲ့ လီယန်ပွီး ရွာတွေဘက်ကိုလည်း ဒေသခံအများအပြား ထွက်ပြေးခိုလှုံနေကြပါတယ်။
ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ စစ်တပ်ဟာ ချင်းပြည်နယ်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တီးတိန်၊ ဖလမ်းနဲ့ ကလေးမြို့တွေကို စစ်ဆင်ရေးတွေလုပ်ခဲ့သလို သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ဟာ ကလေးလေဆိပ်ကို အခိုင်အမာ ပြန်လည်ထိန်းချုပ်ဖို့ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။
စစ်အာဏာရှင်ဟာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့အတွက် စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေလိုမျိုး စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ချင်းပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရိဒ်ခေါဒါရ်မြို့ အပါအဝင် မြို့အတော်များများကိုလည်း သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
Source: Hindustan Times










