DVB Logo
Home
မြန်မာသတင်း
နာဂစ်မုန်တိုင်းဘေးကယ်ဆယ်ခဲ့သည့် မြန်မာသူနာပြု နိုက်တင်ဂေးဆုရ
DVB
·
May 13, 2015
နာဂစ်မုန်တိုင်းဘေးကယ်ဆယ်ခဲ့သည့် မြန်မာသူနာပြု နိုက်တင်ဂေးဆုရ
Donate to DVB

မြန်မာသူနာပြု စနိုင်နိုင်ထွန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီက ဖလောရင့်နိုက်တင်ဂေးဆု ချီးမြှင့်လိုက်တယ်လို့ မြန်မာကြက်ခြေနီအသင်းက သတင်း ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ နာဂစ်မုန်တိုင်းကာလက ဧရာဝတီတိုင်း ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမှာ မုန်တိုင်းဘေးဒဏ်ခံရသူတွေကို သူနာပြု စနိုင်နိုင်ထွန်းက သက်စွန့်ကြိုးပမ်း ကူညီကယ်ဆယ်ခဲ့ တာကြောင့် ဒီဆုကို ရရှိတာလို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြတ်သိန်းက  ပြောပါတယ်။

“သူက အဲဒီတုန်းက ဟိုင်းကြီးကျွန်းကို ရာထူးတိုးနဲ့ ဖေဖော်ဝါရီလထဲ ရောက်သွားတယ်။ မေလ နာဂစ်ဖြစ်တော့ လှိုင်းက ၁၂ ပေလောက်ထိ မြင့်ခဲ့တယ်။ ရေက ၅ ပေလောက်ထိ တက်ခဲ့တယ်၊ ပြေးစရာလည်း မရှိတော့ သူက ဟိုင်းကြီးကျွန်းဆေးရုံရဲ့ မျက်နှာကြက်ပေါ် လူနာတွေကို တင်တာ၊ သူတို့ ပြေးဖို့ အချိန်မရှိတော့ဘူးလေ၊ လူနာတွေကို ဆေးရုံမျက်နှာကြက် ခေါင်မိုးပေါ်တင်ပြီး သူတို့ လူနာတွေကို ဆေး ဆက်ကုပေးတယ်။ ရက်ပေါင်းများစွာ သူတို့ အဲ့ဒီအပေါ်မှာပဲ ရေမကျမခြင်း နေခဲ့ကြရတယ်။ သူကယ်ခဲ့တဲ့ လူနာတွေအားလုံး အသက်ရှင်တယ်။ သူကိုယ်တိုင် ဘေးကျနေချိန်မှာ လူနာတွေကို သူကယ်တင်နိုင်ခဲ့တယ်၊ အပျောက်အဆုံး မရှိဘူးဆိုပြီး သူဆုရတာပါ။”

စနိုင်နိုင်ထွန်းဟာ အဲဒီတုန်းက လူနာပေါင်း ၂၆ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ဟာ ဖလောရင့်နိုက်တင်ဂေးဆုကို ၄ နှစ် ၁ ကြိမ်ပေး အပ်ချီးမြှင့်တာ ဖြစ်ပြီး အခု ၄၅ ကြိမ်မြောက်မှာ ဆုကို မြန်မာနိုင်ငံမှ စနိုင်နိုင်ထွန်း အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သူနာပြု ၃၆  ယောက် ရရှိခဲ့ကြတာပါ။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ဟာ မေလ ၁၂ ရက်၊ ကမ္ဘာ့သူနာပြုနေ့မှာ ဖလော်ရင့်နိုက်တင်ဂေးဆု ရရှိသူများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အခုနှစ် ဆုရသူစာရင်းမှာ အာဆီယံ ဒေသတွင်းနိုင်ငံတွေထဲက ဖိလစ်ပိုင်က ၃ ဦး၊ ထိုင်းက ၂ ဦး ဆုရပြီး မြန်မာနိုင်ငံက သူနာပြု  ၁ ဦး ဆုရရှိတာလည်းဖြစ်ပါတယ်။

မြန်မာပြည်က ဒီဆုကိုရရှိတာ စနိုင်နိုင်ထွန်းက ၄ ယောက်မြောက်ဖြစ်ပြီး၊ ၁၉၆၃ ခုနှစ်က သူနာပြုဆရာမကြီး ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၊ ၁၉၉၃ ခုနှစ်မှာ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယော်နမ်၊၂၀၀၁ ခုနှစ်မှာ သားဖွားဆရာမ ဒေါ်သိန်းရီတို့ ရရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013