DVB Logo
Home
မြန်မာသတင်း
နာဂစ်ကြောင့် အသက်ဆုံးခဲ့ရသူများကို သတိရရင်း သဘာဝဘေး ကြိုတင်ပြင်ဆင်ရန်တိုက်တွန်း
DVB
·
May 2, 2018
နာဂစ်ကြောင့် အသက်ဆုံးခဲ့ရသူများကို သတိရရင်း သဘာဝဘေး ကြိုတင်ပြင်ဆင်ရန်တိုက်တွန်း
Donate to DVB

နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကို သတိရရင်း သဘာဝဘေး အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အစိုးရကို ကူညီသွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုခံခဲ့ရတဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ခနွတ်အော့ဒ်စဘီက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။

၂ဝဝ၈ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကပ်ဆိုးကြီးအတွင်း အသက်ဆုံးရှုံး၊ ထိခိုက်ခံစားခဲ့ရသူတွေကို သတိရရင်း၊ သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်တာနဲ့ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ တိုင်းပြည်ရဲ့ စွမ်းရည်ကို အားကောင်းစေရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂက မြန်မာအစိုးရကို ဆက်လက်ပံ့ပိုး ကူညီမယ်လို့ ကတိပေးပြောပါတယ်။

ကြေကွဲဝမ်းနည်းဖွယ် ဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရသူတွေနဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူတွေကို အောက်မေ့သတိရကြောင်း၊ မြန်မာပြည်သူတွေ ခွန်အားရှိစွာ ကြံ့ကြံ့ခိုင် ရပ်တည်နိုင်မှုကို ချီးကျူးဂုဏ်ပြုကြောင်း၊ မြန်မာလူထုဟ မုန်တိုင်းတိုက်ပြီးနောက် ဘဝတွေ ပျက်စီးသွားခဲ့ရတဲ့ ရပ်ရွာတွေကို  ပြန်လည်တည်ဆောက်နိုင်တဲ့ ခွန်အား၊ သတ္တိကို ပြသခဲ့ရုံမျှမက သဘာဝဘေးအတွေ့အကြုံကို သင်ခန်းစာယူပြီး အစိုးရက ဦးစီးဆောင်ရွက်တဲ့ ဘေးအန္တရာယ် လျှော့ချရေး၊ ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့ကြတယ်လို့ ကုလအရာရှိက ဆိုပါတယ်။

၂ဝဝ၈ ခုနှစ် မေလ ၂ ရက်က လေတိုက်နှုန်း တနာရီလျှင် ကီလိုမီတာ ၂ဝဝ ကျော်ရှိတဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံသမိုင်းမှာ  အဆိုးရွား အပြင်းထန်ဆုံး ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံတွေ့ခံစားခဲ့ရတာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် လူဦးရေ  ၁၄ဝ,ဝဝ လောက် သေဆုံးပျောက်ဆုံးခဲ့ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေ ၂ ဒသမ ၄ သန်း နီးပါးလောက်  မုန်တိုင်းဘေး ထိခိုက်ခံစားခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ  အာရှတိုက်နိုင်ငံတွေထဲမှာ  သဘာဝဘေးအန္တရာယ်ကြုံတွေ့နိုင်ခြေ အများဆုံးရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Ananda

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013