DVB Logo
Home
မြန်မာသတင်း
သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်များကို ထောက်ပံ့ကြေးပေးမည့်အစီအစဉ် ပြည်သူအများစု မသိရှိ
ဝေဝေ
·
May 15, 2026
မန္တလေးတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား။ (Photo: MOI)
မန္တလေးတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား။ (Photo: MOI)
Donate to DVB

အသက် ၈၅ နှစ် ပြည့်ပြီးတဲ့ သက်ကြီးရွယ်အိုတွေကို လူမှုပင်စင်ထောက်ပံ့ပေးဖို့နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မွေးဖွားလာတဲ့ အသက် ၂ နှစ်အောက် ကလေးတွေကို ထောက်ပံ့ကြေးပေးမဲ့ အစီအစဉ်တွေကို သတင်းစာတွေမှာ ထည့်ကြေညာနေပေမဲ့ ပြည်သူတွေအများစု မသိကြဘူးလို့ ပြောပါတယ်။

မေ ၁၂ ရက် သတင်းစာတွေမှာ ထည့်ကြေညာထားတာဖြစ်ပြီး ကြေညာချက်ထဲမှာတော့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာနဲ့ လူမှုဝန်ထမ်းရုံးတွေကို မေ ၃၁ ရက် နောက်ဆုံးထား ဆက်သွယ် စာရင်းပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

၂၀၂၆-၂၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် အကျိုးခံစားခွင့်ရှိသူတွေကိုတော့  ၃ လတကြိမ်နဲ့ ၂ ကြိမ်ခွဲပေးကာ ၆ လစာ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

သတင်းစာထဲထည့် ကြေညာနေတာမျိုး ဖြစ်ပေမဲ့လည်း ပြည်သူတွေကြားမှာတော့ ထောက်ပံ့ကြေးနဲ့ ပတ်သက်လို့ ဘယ်လိုအစီအစဉ်ကိုမှ သိရှိထားတာ မရှိကြောင်း စုံစမ်းသိရပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတယောက်က “သက်ကြီးပင်စင် ပေးတာဆိုတော့ ဟို အရင်အစိုးရ လက်ထက်တုန်းကတော့ အန်တီတို့ အဘွားက ကျပ် ၃၀,၀၀၀ ပေါ့ ရတာ။ သူက ၉၀ ကျော်လောက်တောင် ဖြစ်နေပြီဆိုတော့ ၃၀,၀၀၀ ကတော့ လူကြီးကနေတဆင့် ပေးတာပေါ့။ အခု လူမှုဝန်ထမ်း ဦးစီးဌာနကနေ ဆက်သွယ်ပြီး ပေးမယ်၊ K-pay တွေထဲ ထည့်ပေးမယ်ဆိုတာ အန်တီတို့ နေတဲ့နေရာမှာတော့ မကြားသေးဘူးပေါ့နော်။ အခု သူတို့က ကြေညာထားတယ် ပေးမယ်ဆို K-pay တွေထဲထည့်မယ်၊ ဘာမယ်ဆိုရင်တော့ မြို့ပေါ်တွေတော့ မသိဘူးပေါ့၊ ရွာဘက်တွေ ဆိုတဲ့အခါကျတော့ အဲလို ဒီ K-pay ထည့်တာတို့ ဘာတို့ ဆိုတာက သိပ်တော့ အဆင်မပြေဘူး။ သိပ်မသုံးကြဘူးလေ တချို့တွေက၊ မသုံးတတ်ကြဘူးလေ၊ မရှိကြတာ များတယ် အဲလိုမျိုး” လို့ ပြောပါတယ်။

အရပ်သားအစိုးရ လက်ထက်တုန်းကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် သက်ကြီးရွယ်အိုတွေကို ကိုဗစ်ကာလ ထောက်ပံ့ပေးတဲ့အခါ ငွေသားကျပ် ၃၀,၀၀၀ ကို စာအိတ်နဲ့ထည့်ပြီး နာမည်စာရင်းအတိုင်း တအိမ်တက် တအိမ်ဆင်း ပေးခဲ့တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတယောက်ကလည်း “မကြားပါဘူး၊ တို့ဦးကြီးဆို အိပ်ယာထဲလဲနေတဲ့ ဦးကြီးဆို ၉၆ နှစ်ရှိပြီ၊  မကောက်သေးတာထင်တယ်၊ ဘာသံမှကို မကြားသေးတာ။ ဟိုတလောကတော့ ၇၅ နှစ်အထက်တွေဆိုပြီး စာရင်းလာကောက်တုန်းကတော့ သူရတယ်၊ ဒီတခေါက် ထုတ်ပြန်တယ် ဆိုတဲ့ဟာကတော့ ဘာမှ ပြောသံမကြားဘူး” လို့ ပြောပါတယ်။

သတင်းစာထဲမှာ ရပ်ကျေးရုံးတွေကို ဆက်သွယ်နိုင်ကြောင်း ထည့်ကြေညာထားပေမဲ့လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကို အကြောင်းကြားတာ မရှိသေးလို့ ထောက်ပံ့ကြေး အစီအစဉ်နဲ့ပတ်သက်လို့ သိရှိထားတာ မရှိကြောင်း ရပ်ကျေးအုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတော့ အထက်က ဘာမှ အကြောင်းကြားလာတာ မရှိသေးဘူး။ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုရှိတဲ့ အိမ်တွေကိုလည်း ဘာမှလာပြောတာ မရှိပါဘူး။ လူသိအောင် သတင်းစာထဲ ထည့်ကြေညာတယ် ဆိုပေမဲ့ ဘယ်သူမှ,မှ မဖတ်တာ၊ ဘယ်သူက သိမှာလဲ၊ တကယ်ဆို ရပ်ကွက်ရုံးကနေ တဆင့်သွားမှ ရပ်ကွက်ထဲ ဘယ်သူဘယ်ဝါရှိတယ် ဆိုတာမျိုး တိတိကျကျသိမှ လူကြီးတွေက ရမှာပေါ့။ ရုံးကိုက ဘာမှမသိသေးတာ၊ အခုက အွန်လိုင်းက ငွေပေးမယ်ဆိုတော့ တော်တော်ခက်ပါတယ်။ အဲဒါတွေကို ၈၀ ကျော် လူကြီးတွေ ဘယ်လို သုံးတတ်မှာလဲ၊ ဖြစ်မှမဖြစ်နိုင်တာ။”

ဒါ့အပြင် ကရင်၊ ကယား၊ ချင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်၊ ရှမ်းနဲ့ ဧရာဝတီတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ် ၇ ခုထဲက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့က မွေးဖွားလာတဲ့ အသက် ၂ နှစ်အောက် ကလေးတွေကို ထောက်ပံ့ကြေးပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ထောက်ပံ့ကြေးတွေ ထုတ်ယူနိုင်ဖို့အတွက် အကျုံးဝင်သူအားလုံးကို ငွေလွှဲဝန်ဆောင်မှုတွေက တဆင့်သာ ထောက်ပံ့ပေးမှာဖြစ်ပြီး လက်ကိုင်ဖုန်းထဲမှာ ငွေလွဲဝန်ဆောင်မှု အက်ပလီကေးရှင်းတွေ ထည့်ကာ ဖွင့်ထားဖို့လိုအပ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013