
စစ်ကိုင်းတိုင်းအထက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တနှစ်ကျော်ကြာ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မြို့တွင်းနဲ့ အနီးနား ကျေးရွာတွေထဲအထိ ဝင်ရောက်နေရာယူထားပြီး မြို့ပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံ သက်ကြီးပိုင်းတချို့ ပိတ်မိနေ ပါတယ်။
စစ်တပ်ဟာ ကသာမြို့မှာ အင်အားပြင်ဆင်စုဖွဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှာ ပင်းမလွတ်ရွာ၊ ၂၉ ရက်မှာ နဘားလမ်းဆုံနဲ့ နဘားရွာကို ထိန်းချုပ်နိုင်ခဲ့ပြီး ၃၀ ရက်နေ့မှာတော့ ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတောရွာ၊ ကူဆိပ်ရွာနဲ့ အင်းတော်မြို့ အပါအဝင် အနီးနားပတ်ဝန်းကျင်ဒေသကို ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်တပ်လက်အောက်ခံ သတင်းစာကနေ မေ ၁ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာ စစ်သားတွေဟာ ရွာတွေထဲမှာ တပ်စွဲထားပြီး အင်းတော်မြို့ထဲကို ရောက်နေပြီလို့ မြို့ကနေ ထွက်ပြေးနေရတဲ့ ဒေသခံတယောက်က DVB ကို အတည်ပြုပါတယ်။
“အခြေအနေတွေက တိတိကျကျ မကြားရဘူး။ အစိုးရစစ်တပ်ကတော့ မြို့ထဲဝင်လာပြီလို့ ကြားရတယ်။”
စစ်တပ်က စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နဲ့ တကောင်းနယ်တို့ကို မတ် ၁၀ ရက် နောက်ပိုင်းမှာ ပြန်ထိန်းချုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အင်အားထောင်ချီ အသုံးပြုကာ ထီးချိုင့်-ကသာလမ်း ကနေ စစ်ကြောင်းတခု၊ တကောင်းဘက်ကနေ စစ်ကြောင်းတခုနဲ့ ထီးချိုင့်-ကသာ-ဗန်းမော် လမ်းတလျှောက်ကနေ အင်းတော်မြို့ကို ပြန်သိမ်းဖို့ ကြိုးစားနေတာပါ။
လက်ရှိ စစ်တပ်ရောက်နေတဲ့ ကျေးရွာတွေထဲမှာ မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ သက်ကြီးတချို့ ကျန်နေ ခဲ့တယ်လို့ ဒေသခံတွေက ဆက်ရှင်းပြပါတယ်။
အင်းတော်ဒေသခံတယောက်က “အင်းတော်က မတိုက်ရဘဲနဲ့ ပြန်ပေးလိုက်ရတာ စစ်တပ် လက်ထဲကို။ တော်လှန်ရေးတပ်တွေက ဆုတ်သွားပြီ။ အခု သူတို့ရောက်နေတဲ့ ရွာထဲမှာ မပြေးနိုင်တဲ့ လူကြီးတွေတော့ ရှိနေသေးတယ်။ စစ်သားတွေလည်း ရွာထဲမှာရောက်နေပြီ။ တနှစ်လောက် သိမ်းထားတာကို တရက်နှစ်ရက်တည်းနဲ့ ပြန်ပေးလိုက်ရတာတော့ ရင်နာတယ်” လို့ ပြောပါတယ်။
သက်ကြီးပိုင်းတွေ ပိတ်မိနေတဲ့ ကျေးရွာတွေဟာ စစ်တပ်က ထုတ်ပြန်ထားတဲ့ ကျေးရွာတွေ ဖြစ်နိုင်ခြေရှိနေပြီး နာတာရှည်ရောဂါသည်တွေနဲ့ အသက် ၆၀ အထက် သက်ကြီးပိုင်းတွေ မပြေးနိုင်ဘဲ ကျန်နေခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အင်းတော်မြို့အခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့တွေကို DVB က ဆက်သွယ်ဖို့ ကြိုးစား နေဆဲ ဖြစ်သလို တော်လှန်ရေးဘက်ကလည်း အင်းတော်မြို့နဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ရှမ်း-မန်း-စစ်ကိုင်းနယ်စပ်က ထိန်းချုပ်နယ်မြေအများစုကို တော်လှန်ရေးအစုအဖွဲ့တွေကလက်လွှတ် ရပြီးနောက်မှာ စစ်တပ်က မြေပြင်မှာ ထောင်ချီတဲ့ အင်အားစုတွေနဲ့ ဆက်လက်ဖိ အားပေး နေတာကြောင့် တော်လှန်ရေးအစုအဖွဲ့ ခေါင်းဆောင်တွေဟာ ဧပြီလကုန်ပိုင်းမှာ ကသာ-ဗန်းမော်က နေ ကချင်ပြည်ထဲအထိ ဆက်တိုက်နောက်ဆုတ်ခဲ့ရပါတယ်။
မောရစ်










