DVB Logo
Home
ရွေးကောက်ပွဲ
၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေထက် ပိုခက်ခဲတဲ့ အခြေအနေ ရှိတယ် - ဦးဟန်ရွှေ
DVB
·
May 10, 2015
၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေထက် ပိုခက်ခဲတဲ့ အခြေအနေ ရှိတယ် - ဦးဟန်ရွှေ
Donate to DVB

လာမယ့် နိုဝင်ဘာလ လောက်မှာ ကျင်းပဖို့ရှိနေတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ကိုယ်စားလှယ် အရေအတွက် ၅၀၀ လောက်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး အနိုင်ရဖို့အတွက် ပြီးခဲ့တဲ့ ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေထက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက ဒီဗွီဘီကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ဖတ်ရှုနိုင်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ  ၀င်ရောက် ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလား။

“ကျနော်တို့ တော်တော်လေးတော့ ဆောင်ရွက်လို့ ပြင်ဆင်လို့ ပြီးနေပြီပေါ့။ ကျနော်တို့က ၂ ပိုင်း ပိုင်းထားတာပေါ့။ အခုကတော့ ဇူလိုင်လအထိကို ရွေးကောက်ပွဲ အကြိုကာလပေါ့၊ ပြီးတော့ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာကိုတော့ ရွေးကောက်ပွဲ အနီးကပ်ကာလ ဆိုပြီး ၂ ပိုင်းပိုင်းပြီးလုပ်ထားတာရှိပါတယ်။ အကြိုကာလမှာတော့ အနီးကပ် ရွေးကောက်ပွဲ မဲဆွယ်ပွဲ အတွက်ကို ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်တဲ့ဟာ ရှိပါတယ်။”

ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက် ဘယ်လောက်လောက် ၀င်ပြိုင်ဖို့ မျှော်မှန်းထားပါသလဲ။

“လောလောဆယ် ကိုယ်စားလှယ်တွေက အားလုံးပေါင်းဆိုရင် မြို့နယ်ပေါင်း ၁၄၂ မြို့နယ်မှာ အားပြည့်ဝင်မယ်၊ ကိုယ်စားလှယ်လောင်း အရေအတွက်ကတော့ အားလုံးဆိုရင် ၄၀၀ ကျော် ၅၀၀ လောက်ရှိလိမ့်မယ်ထင်ပါတယ်။ ၁၄၂ မြို့နယ်ကတော့ ပြည်သူ့လွှတ်တော်မှာ ၁၄၂ ယောက်ပဲ အမျိုးသားလွှတ်တော်ကတော့ တွက်လို့မရသေးဘူး၊ နောက်တခုကတော့ ၁၄၂ မြို့နယ်မှာ ပြည်နယ်တိုင်း မဲဆန္ဒနယ် ၂ ခုရှိတဲ့အခါကျတော့  ၂ ခုစလုံး ၁၄၂ မြို့နယ်မှာ ၀င်မယ်။ နောက်တခု ပီအာစနစ်ကလည်း အမျိုးသားလွှတ်တော်က ဥပဒေကြမ်းတင်ဖို့ ဘာညာလုပ်နေတယ်ကြားနေတယ်။ ပီအာစနစ်ကျင့်သုံးမယ်ဆိုရင် နိုင်ငံရေးပါတီတွေက  မဲဆန္ဒနယ်တွေ ပြန်ကြည့်ပြီးတော့ အခင်းအကျင်း ပြန်လုပ်ရမယ်၊ ဒါကြောင့်မို့လို့ အပြီးအပြတ်တော့ ပြောလို့ မရသေးဘူး။”

ရွေးကောက်ပွဲ ဥပဒေတွေနဲ့ပတ်သက်လို့ရော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ ပြင်ဆင်ချင်တဲ့ အပိုင်းတွေ မကျေနပ်တဲ့ အချက်တွေရော ဘာတွေရှိဦးမလဲ။

“ရွေးကောက်ပွဲ ဥပဒေကတော့ ဒီလောက်မရှိဘူး၊ နည်းဥပဒေနဲ့ ပတ်သက်လို့တော့ ၂ ကြိမ်လောက်လုပ်ပြီးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ပြီးတော့၊ ကျနော်တို့က ဘာမကျေနပ်လဲ ဆိုရင် ဥပမာဆိုပါတော့ ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ရင် ကျပ်ငွေ ၅ သိန်းပေးရမယ်ဆိုတဲ့ဟာ များတယ်ဆိုပြီး ခု ၃ သိန်းဖြစ်သွားတာပေါ့လေ။ ဒီဟာလည်းပဲ မှတ်ပုံတင်ကြေးဟာ အပြီးပေးလိုက်ရတဲ့သဘော မဟုတ်ပဲနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းက ဆန္ဒမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရရင် နိုင်ငံတော်က ပြန်ပေးပို့ ဆိုပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းက လုပ်တဲ့ပုံမျိုး နိုင်ငံရေးပါတီတွေက ဆွေးနွေးတဲ့တွက် ပြင်ပေးတာတွေရှိတယ်။ ထို့အတူပဲ ရွေးကောက်ပွဲ မဲဆွယ်ကာလကို ရက်ပေါင်း ၃၀ ပဲပေးတယ် ကျနော်တို့က ၆၀ ပြောလို့ ရက်ပေါင်း ၆၀ တိုးပေးတယ်။ နည်းဥပဒေပြင်လို့ရတဲ့အပိုင်းကိုတော့ ပြင်ပေးတာတွေရှိပါတယ်။ ဥပဒေကျတော့ လွှတ်တော်က ပြင်မှရတာ၊ ထပ်ပြင်ခိုင်းဖို့တော့ မရှိသေးဘူး။”

ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့  စစ်တပ်က လူဟောင်းတွေပါဝင်နေတယ်။ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်လွန်းတယ်တို့ စသဖြင့် ကော်မရှင်အပေါ်မှာ အများယုံကြည်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ် ဝေဖန်နေကြတာ ရှိပါတယ်။ တစညပါတီအနေနဲ့ရော ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ လက်ခံနိုင်တဲ့ အနေအထားရှိပါသလား။

“၂၀၁၀ ရွေးကောက်ပွဲ ကျနော်တို့ ၀င်ခဲ့တာကိုး၊ အဲဒီမှာ အများကြီးတွေ့ခဲ့ရတာတွေ ရှိတယ်။ အဲဒီဟာလည်း ပြောတာဆိုတာတွေရှိတယ်။ အခုကတော့ ကျနော်တို့ တခြားနိုင်ငံရေး ပါတီတွေရော ညိှလို့ရတာ ဘာလဲဆိုရင် တရားဥပဒေစိုးမိုးမှုပေါ့လေ ရွေးကောက်ပွဲ ဥပဒေရှိတယ်။ နည်းဥပဒေရှိတယ် ကော်မရှင်ဥပဒေရှိတယ် ဒီဟာတွေနဲ့အညီ လုပ်မယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့က လက်မခံနိုင်စရာ အကြောင်းမရှိဘူး။ အမိန့်ပေးတဲ့စနစ်နဲ့ တပ်မတော်က အဟာင်းဖြစ်ဖြစ် လက်ရှိ တာဝန်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်ဖြစ် ဒီလိုလုပ်ဆိုတဲ့ဟာမျိုးဆိုရင်တော့ ကျနော်တို့ လက်မခံဘူး၊ သို့သော်လည်း ကျနော်တို့ နိုင်ငံရေး ပါတီတွေအနေနဲ့ ကျင့်ဝတ်စည်းကမ်းလုပ်ဖို့ ရှိပါတယ်၊ အဲဒီမှာ ကော်မရှင်ကနေ လိုက်နာရမယ့် ဟာတွေလည်းပါအောင် ဆွေးနွေးနေတာရှိပါတယ်၊ ဒါကတော့ လုပ်နေတုန်းပဲရှိသေးတယ် မပြီးသေးဘူး၊ နောက်တခုက ကော်မရှင် ဥက္ကဋ္ဌကလည်း ဖိတ်ခေါ်နေတာ ရှိပါတယ်။ မီဒီယာတွေရော အန်ဂျီအိုတွေရော ၀ိုင်းပြီးတော့ ပြောပါကြည့်ပါလို့ ပြောတဲ့ဟာလည်းရှိတယ်၊ နောက် တခုက လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေ ပြည်တွင်းရေး ပြည်ပရော ပြည်ပကလည်းဖိတ်မယ်၊ ဖိတ်ပြီးတော့ တကယ့် အကောင်အထည်ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့ သိပ်ပြောစရာမရှိဘူး၊ ဒီဟာတ တချို့ ဥပဒေကို ၀ိနည်းလွတ်လုပ်တဲ့ သဘောပေါ့ ကြံ့ခိုင်ရေးပါတီက ထွက်ခိုင်းထွက်ခိုင်းပြီး ဒီမှာလုပ် ဒါတွေ ကျနော်တို့ လက်မခံပါဘူး။ မကြိုက်ပါဘူး။ တကယ် ကော်မရှင်ထဲမှာ ပါသင့်တဲ့ပုဂ္ဂိုလ် အရည်အချင်းတွေ ဘာတွေဆိုတဲ့ဟာ ဥပဒေမှာပြဋ္ဌာန်းထားပြီးသားပဲ၊ အဲဒါကိုက်တဲ့ဟာဆိုရင် ကျနော်တို့က လက်ခံပါတယ်။  ဥပဒေနဲ့ မညီဘူးဆိုရင် အရပ်သားပဲလုပ်လုပ် တပ်မတော်သားဟောင်းပဲလုပ်လုပ် ကျနော်တို့ကတော့ ဆန့်ကျင်ကန့်ကွက်မှာပဲ။”

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တစညပါတီရဲ့ အဓိက ပြိုင်ဘက်ဟာ ကြံ့ခိုင်ရေးပါတီ ဖြစ်မလား ၁၉၉၀ တုန်းကလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်မလား ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေအပေါ် သင်ခန်းစာယူပြီး အနိုင်ရအောင် ဘယ်လို ပြင်ဆင်ထားပါသလဲ။

“ကျနော်တို့ အဓိက ပြိုင်ဘက်ကတော့ ၂ ပါတီစလုံးဖြစ်မှာပါပဲ။ အခုက ၃ ပါတီဖြစ်တဲ့သဘောမျိုးဖြစ်တဲ့ အခါကျတော့ ကျနော်တို့ တော်တော်ကို ကြိုးပမ်းရမယ့် သဘောရှိပါတယ်။ ၂ ပါတီဆိုတော့ သူလား ကိုယ်လား ၂ ခုရှိတာပေါ့။ အခု ၃ပါတီဆိုတော့ ပိုများလာတဲ့ အနေအထားရှိတယ်။ နောက် နိုင်ငံရေးပါတီတွေဖွဲ့တဲ့နေရာမှာ တိုင်းရင်းသားလူနည်းစုတွေ အနေနဲ့ကလည်း သူ့နယ်မြေ၊ သူ့လူမျိုး သူ့ဒေသအလိုက် မဲဆန္ဒနယ်တွေမှာ ၀င်ကြပြုကြဆိုတဲ့အခါကျတော့ ကျနော်တို့ ပါတီတွေအနေနဲ့ကလည်း နည်းနည်း အဲလိုပြည်နယ်တွေကျရင် တော်တော် ခက်ခက်ခဲခဲ ၀င်ရမယ့် သဘောရှိပါတယ်။ ဆိုတော့ ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေထက် ပိုပြီးတော့ ခက်ခဲတဲ့ အခြေအနေမှာ ရှိတယ်လို့ ကျနော်တို့ ပါတီက သုံးသပ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013