
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇူလိုင် ၂၆ ရက်က ခမီလူမျိုးတွေရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ ယာဟင်းကိုင်ပွဲကို စည်စည်ကားကား ကျင်းပခဲ့တယ်လို့ ဒေသခံ ခမီလူမျိုးတွေက ပြောပါတယ်။
အဲဒီယာဟင်းကိုင်ပွဲကို ပုဏ္ဏားကျွန်းမြို့နယ် ခမီကျေးရွာတခုမှာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ခမီမျိုးနွယ်စုရေးရာက အကြီးအကဲတွေ၊ ULA တာဝန်ရှိသူတွေ၊ ဒေသခံတွေ တက်ရောက်ခဲ့ကြတယ်လို့ ဒေသခံ ခမီလူမျိုးတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ခမီအမျိုးသား လူငယ်တယောက်က “ယာဟင်းကိုင်ပွဲ ဆိုတာက ခမီလူမျိုးတွေရဲ့ တောင်ယာတွေ၊ လယ်ခင်းတွေနဲ့ စိုက်ပျိုးထားတဲ့ အသီးအရွက်တွေ အောင်မြင်ဖြစ်ထွန်းဖို့အတွက် ရိုးရာနတ်၊ တောင်စောင့်နတ်၊ ရွာစောင့်နတ်၊ အိမ်စောင့်နတ် စတဲ့ နတ်တွေကို ပူဇော်ပသတဲ့ ပွဲတော်တခု ဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိကြတယ်။ အခုတော့ ဌာနဆိုင်ရာလူကြီးတွေက တက်ရောက်မှုတွေ ပြုလုပ်လာကြတော့ ပိုပြီးကောင်းတာပေါ့” လို့ ပြောပါတယ်။
ခမီလူမျိုးတွေရဲ့ အယူအဆတွေအရ တောင်ယာမြေ၊ လယ်မြေတွေနဲ့ စိုက်ပျိုးထားတဲ့ ဟင်းသီး၊ ဟင်းရွက်တွေကို သတ်မှတ်ထားတဲ့ နေ့ရက်တွေမှာ ကြက်သွေး (ဒါမှမဟုတ်) ဝက်သွေးတွေနဲ့ ယဇ်ပူဇော် ပသပြီးမှ စိုက်ပျိုးထားတဲ့ အသီး အရွက်တွေကို ခူးယူကြရတယ်လို့ သိရပါတယ်။
အဲဒီနောက် ယာဟင်းကိုင်ပွဲကို တက်ရောက်လာကြတဲ့သူတွေအနေနဲ့ ခေါင်ရည်နဲ့ တည်ခင်း ကျွေးမွေးမှုတွေကို စားသောက်ကြရပြီး ဆွေးမျိုးအချင်းချင်း ကြက်၊ ဝက် စတဲ့ တိရစ္ဆာန်တွေကို အချင်းချင်း လက်ဆောင်ပေးတာတွေလည်း ပြုလုပ်ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မျိုးနွယ်စုတွေနဲ့ ပတ်သက်တဲ့ ရိုးရာပွဲတွေ၊ အမျိုးသားနေ့တွေကို လွတ်လပ်စွာ ကျင်းပခွင့် ပြုလုပ်ခွင့် ပြုလုပ်လာသလို လူမှုရေး သဟဇာတကျမှုကိုလည်း အဓိကထား တည်ဆောက်မှုတွေ ပြုလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က ခမီမျိုးနွယ်စုဝင်တွေဟာ တောင်ယာနဲ့ လယ်လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြတဲ့ မျိုးနွယ်စုဝင်တခုလည်း ဖြစ်ပါတယ်။










