
ပီရူးနိုင်ငံမြောက်ပိုင်း ကာဟာမာကာဒေသမှာ ဇူလိုင် ၁၆ ရက်က ဘတ်စ်ကားတစီး ပေ ၁,၆၀၀ (မီတာ ၅၀၀) လောက်နက်တဲ့ ချောက်ထဲ ပြုတ်ကျသွားလို့ အနည်းဆုံး ၁၄ ယောက် သေဆုံးပြီး ကလေး ၂ ယောက် အပါအဝင် ၅ ယောက် ဒဏ်ရာရသွားပါတယ်။
ဒေသတွင်းမီဒီယာတွေရဲ့ အဆိုအရ "ဗယ်လော့ဇ် ဒယ်လ်ဗားယဲ" သယ်ယူပို့ဆောင်ရေးကုမ္ပဏီက ပြေးဆွဲနေတဲ့ အဲဒီကားဟာ ကာဟာမာကာကနေ ဆီအူဒက် ဒီ ဒီးယော့စ်ကို မောင်းနှင်လာတာဖြစ်ပြီး ချိုတန်းလမ်းပိုင်းက သုသာန်တခုအနီး အကွေ့မှာ ထိန်းချုပ်မှု လွတ်သွားခဲ့တာပါ။
ချောက်က အရမ်းနက်ပြီး အလင်းရောင်လည်း မရှိတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာခဲ့ရပေမဲ့ ထိခိုက်ခံရသူအားလုံးကို ပြန်ရှာမတွေ့မချင်း ရှာဖွေရေးကို ရပ်မှာမဟုတ်ဘူးလို့ ကာဟာမာကာ မီးသတ်ဗိုလ်ကြီး အက်ဒ်ဆင် ရိုမန်က ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။
"လောလောဆယ် သေဆုံးသူ ၁၄ ယောက် ရှိနေပါပြီ။ ကားအောက်မှာ တခြားပိတ်မိနေသူတွေ ရှိဦးမလားဆိုတာ ဆက်ပြီး အသည်းအသန် ရှာဖွေနေတုန်းပဲ။ ဒါပေမဲ့ အခုအချိန်အထိ စာရင်းအရတော့ သေဆုံးသူ ၁၄ ယောက်နဲ့ ကာဟာမာကာ ဒေသန္တရဆေးရုံကို ပို့ထားရတဲ့ ဒဏ်ရာရသူ ၅ ယောက် ရှိပါတယ်။”
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ဖို့ ကာဟာမာကာ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး သောကြာနေ့မှာ ဆွေမျိုးတွေဆီ ပြန်လွှဲပေးမယ်လို့ အာဏာပိုင်တွေက ပြောကြားကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
Source: Reuters










