
ဩဂုတ် ၁၂ ရက်နေ့ဖြစ်မဲ့ နေကြတ်မှုကို ကြည့်ရှုတဲ့အခါ မျက်စိမထိခိုက်စေဖို့အတွက် စံချိန်စံညွှန်းမီ မျက်မှန်တွေကို စနစ်တကျ အသုံးပြုကြဖို့ စပိန်အမျိုးသားမျက်မမြင်များအဖွဲ့ (ONCE) က ဩဂုတ် ၁၀ ရက်မှာ သတိပေးလိုက်ပါတယ်။
စပိန်အစိုးရနဲ့ ONCE အဖွဲ့တို့ဟာ နေကြတ်မှုကြည့် မျက်မှန် ၂ သန်းကို နိုင်ငံအနှံ့ ဝေငှပေးခဲ့ပြီး လက်ရှိမှာ အကုန်ပြတ်သွားခဲ့ပါပြီ။ အဲဒီမျက်မှန်တွေမှာ မျက်စိကို မထိခိုက်စေဘဲ စနစ်တကျ ကြည့်ရှုနည်း လမ်းညွှန်ချက်တွေကို QR Code နဲ့ ထည့်သွင်းပေးထားပါတယ်။
နေကြတ်တာကို ကြည့်တဲ့အခါ ရိုးရိုးနေကာမျက်မှန်တွေ၊ ဖုန်းစကရင်တွေနဲ့ သီးသန့်ဖစ်လ်တာ မပါတဲ့ ကင်မရာတွေကို သုံးပြီး မကြည့်ကြဖို့လည်း အထူးသတိပေးထားပါတယ်။
စပိန် အမျိုးသားမျက်မမြင်များအဖွဲ့အစည်း (ONCE)ရဲ့ ဘဲ့စ်ခ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အကြီးအကဲ အူဆူအဲဗာယဲဟိုးက “အမြင်အာရုံ မထိခိုက်စေဖို့အတွက် နေကြတ်တာ မစတင်ခင် ကတည်းကစံချိန်စံညွှန်းမီ မျက်မှန်ကို တပ်ထားရမှာဖြစ်ပြီး မကြာခဏ မျက်စိလွှဲပေးရင်း တလှည့်စီ ကြည့်ရမှာပါ။ နေကို လက ကွယ်သွားတဲ့ ဖြစ်စဉ်တခုလုံးကို မနားတမ်း တဆက်တည်း စိုက်မကြည့်သင့်ပါဘူး” လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဖြစ်ပေါ်မဲ့ လက နေရဲ့ ပုံရိပ်တခုလုံးကို ရာနှုန်းပြည့် ဖုံးကွယ်တဲ့ နေကြတ်မှုဟာ ၁၉၁၂ ခုနှစ် နောက်ပိုင်း အိုင်ဘေးရီးယား ကျွန်းဆွယ်ကနေ ပထမဆုံးအကြိမ် မြင်တွေ့ရတာဖြစ်ပြီး စပိန်နဲ့ နိုင်ငံတကာက နက္ခတ်ဝါသနာရှင် အများအပြား လာရောက်ကြည့်ရှုကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စပိန်မှာ နောက်နှစ် ၂၀၂၇ ခုနှစ် ဩဂုတ် ၂ ရက်မှာ ၂၁ ရာစုအတွင်း ဥရောပရဲ့ အချိန်အရှည်ကြာဆုံးလက နေကို ရာနှုန်းပြည့် ဖုံးကွယ်တဲ့ နေကြတ်မှု ဖြစ်ပေါ်ဦးမယ်လို့ ဆိုပါတယ်။
၂၀၂၈ ခုနှစ် ဇန်နဝါရီမှာလည်း ကွင်းဝိုင်းပုံ နေကြတ်မှု ဖြစ်ပေါ်ဖို့ရှိပြီး နေရဲ့ အလယ်ဗဟိုကို လက ကွယ်သွားပြီး အပြင်ဘက်အနားသတ်က မီးကွင်းပုံစံ လင်းလက်ကျန်ရစ်ခဲ့မဲ့ နေကြတ်မှု ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဒေသတခုတည်းမှာပဲ ၃ နှစ်အတွင်း အပြည့်အဝနေကြတ်မှု ၂ ကြိမ်နဲ့ ကွင်းဝိုင်းပုံ နေကြတ်မှု ၁ ကြိမ် ဆက်တိုက်ဖြစ်ပေါ်တာဟာ အလွန်ရှားပါးတဲ့ နက္ခတ္တဗေဒ ဖြစ်စဉ် ဖြစ်တာကြောင့် 'Iberian Eclipse Trio' လို့ အမည်ပေးထားတဲ့ (အိုင်ဘေးရီးယား နေကြတ်မှုဖြစ်စဉ် ၃ ခု) အဖြစ် ပြီးပြည့်စုံသွားမှာဖြစ်ပါတယ်။
Source:Reuters











