DVB Logo
Home
Lead Story
ကန့်ကွက်မှုများကြားက စစ်အာဏာရှင် မင်းအောင်လှိုင်  မလေးရှားခရီးစဉ် စတင်
စိုးသူအောင်
·
October 7, 2026
Photo: PPIB
Photo: PPIB
Donate to DVB

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ်ရဲ့  ဖိတ်ကြားချက်အရ ဒီကနေ့ အောက်တိုဘာ ၇ ရက် မနက်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ထွက်ခွာသွားပြီလို့ စစ်အာဏာရှင်ဘက်က  သတင်းထုတ်ပြန်ပါတယ်။

မင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ဖို့ ဒီနေ့မနက်ပိုင်း နေပြည်တော် တပ်မတော်လေဆိပ်ကနေ ထွက်ခွာသွားတာလို့ စစ်အာဏာရှင်ရဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး လူ့အခွင့်ရေးအဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်လို့  အာဆီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ကန့်ကွက်ရှုတ်ချထားတဲ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း အောက်တိုဘာ ၇ ရက်မှာ အလုပ်မဆင်းကြဘဲ အာဏာရှင်မင်းအောင်လှိုင်ကို သပိတ်မှောက် ဆန္ဒပြကြဖို့ နှိုးဆော်မှုတွေလည်း ရှိနေပါတယ်။

စစ်အာဏာရှင်သမ္မတ မလေးရှားနိုင်ငံကို လာရောက်မဲ့ သတင်းတွေကြောင့် မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းကြားမှာလည်း ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒီခရီးစဉ်ဟာ မလေးရှားအစိုးရရဲ့ ပြည်တွင်းနိုင်ငံရေး လိုအပ်ချက်အရ ဖိတ်ခေါ်တာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပေမဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်တဲ့အပေါ် ဝေဖန်နေကြပါတယ်။

မလေးရှားရောက် မြန်မာတွေအနေနဲ့ ပထမ ဆန္ဒပြကြဖို့ စီစဉ်ခဲ့ပေမဲ့ တရားဝင်ခွင့်ပြုချက် မရခဲ့တဲ့အတွက် လုံခြုံရေးအရ ဆန္ဒပြပွဲကို ဖျက်သိမ်းခဲ့ရပြီး လူမှုကွန်ရက်ပေါ်ကနေ “Profile Campaign” နဲ့ မြန်မာလုပ်သားတွေ “အလုပ်တရက်နားတဲ့ Campaign” တွေကို ပြောင်းလဲ လှုပ်ရှားခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး Myanmar Affairs Alliance (MAA) သတင်းပြန်ကြားရေး တာဝန်ယူထားသူ မသဲသဲအေးက “ဒီအစီအစဉ်ကတော့ အစ်မတို့ NGO တွေနဲ့ မလေးရှားက NGO တွေနဲ့ ပေါင်းပြီးတော့ လုပ်တာပါ။ NGO တွေကိုလည်း အစ်မတို့ အသိပေးထားတယ်။ အစ်မတို့နဲ့ သက်ဆိုင်တဲ့ လူတွေကိုလည်း ဒီအစီအစဉ်လုပ်ဖို့ အသိပေးထားတယ်။ အဓိက ဘာရည်ရွယ်ချက်လဲ ဆိုလို့ရှိရင် ဒီစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီကိုရောက်လာတာ မလေးရှားနိုင်ငံအတွက် ဘာမှ အကျိုးအမြတ်ရမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဒီအလုပ်တရက်နား ကမ်ပိန်း ဆိုတာက ဒီလုပ်ငန်းရှင်တွေအနေနဲ့ သတိပြုမိသွားအောင်ပေါ့နော်။ ဒီလိုမျိုး လူကို လက်ခံတဲ့အတွက် အလုပ်သမားတွေ အလုပ်တရက် နားကြတယ်။ ဒီလိုမျိုး လုပ်ကြတယ် ဆိုတဲ့ဟာကို အစ်မတို့က သိစေချင်တာပေါ့နော်။ လုပ်ငန်းရှင်တွေကိုလည်း သိစေချင်တယ်။ လုပ်ငန်းရှင်တွေကနေတဆင့် သူတို့နီးစပ်ရာ အစိုးရပိုင်းတွေကိုလည်း သိစေချင်တာပေါ့နော်” လို့ ပြောပါတယ်။

မလေးရှားရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆွေးနွေးဖို့အတွက် စစ်အာဏာရှင်သမ္မတကို မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ်က ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ကန့်ကွက်မှုတွေ ရှိနေပေမဲ့လည်း မလေးရှားအစိုးရဟာ သူတို့ရဲ့ ပြည်တွင်းရေးတွေကြောင့် မြန်မာစစ်တပ်အပေါ် မူဝါဒအပြောင်းအလဲတချို့ လုပ်လာနိုင်တယ်လို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။

အထူးသဖြင့် ၂၀၂၈ မှာ ကျင်းပဖွယ်ရှိတဲ့ ရွေးကောက်ပွဲကို ရင်ဆိုင်ရမဲ့ မလေးရှားအစိုးရဟာ ပြည်တွင်းမှာ ရိုက်ခတ်နေတဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ ဖိအားပေးခံနေရပါတယ်။

မလေးရှားအစိုးရရဲ့ နိုင်ငံရေးလိုအပ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က အခုလို ထောက်ပြပါတယ်။

“အစိုးရက ဘယ်လိုပဲ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒရှိရှိပေါ့လေ၊ ရွေးကောက်ပွဲလုပ်ဖို့ တနှစ်ကျော်ကျော်လောက်ပဲလိုတော့တဲ့ ကာလမှာ ဒါ သူတို့အနေနဲ့ ဒီ မဲဆန္ဒရှင်တွေကိုလည်း ကြည့်ရဦးမှာ ရှိတာကိုး။ လက်ရှိအစိုးရရဲ့ ပါတီကတော့ ဒါ အတိုင်းအတာတခုအထိ Liberal ဖြစ်တယ်လို့ ပြောပေမဲ့တဖက်မှာ အစိုးရဖြစ်ဖို့အတွက် ဒါ ဘာသာရေး တော်တော်လေး အစွန်းရောက်တယ်လို့ ယူဆရတဲ့ ပါတီတွေနဲ့ တွဲထားရတာလည်း ရှိတယ်ပေါ့လေ။ ဆိုတော့... လက်ရှိအစိုးရအနေနဲ့ သူ့ရဲ့ ဒီ နောက်ထပ် ရွေးကောက်ပွဲသက်တမ်း ဆက်ပြီးတော့ ရင်ဆိုင်နိုင်ဖို့အတွက်က ဒါ သူ့နိုင်ငံတွင်းမှာ လုပ်ချင်တဲ့ မူဝါဒတွေ ဆက်ပြီးတော့ အကောင်အထည် ဖော်နိုင်ဖို့အတွက်က ဒီ Immigration ပြဿနာကို မဖြေရှင်းဘဲနဲ့ ဘယ်လိုမှ ရှေ့ဆက်လို့ မရနိုင်ဘူးပေါ့လေ။”

အထူးသဖြင့် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဘောက် ဖြစ်ခဲ့ဖူးတဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် ကိုယ်တိုင်က မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ခေါ်လာတာဟာ အာဆီယံတခွင်က လူ့အခွင့်အရေးစံနှုန်းတွေကို ထိခိုက်စေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ရှုမြင်ကြပါတယ်။

Sister2Sister အဖွဲ့မှ မသင်ဇာရွှန်းလဲ့ရည်က “စစ်ရာဇဝတ်မှုပေါင်းများစွာနဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက် အတွက် အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တယောက်ကို ဖိတ်ခေါ်ပြီးတော့ မလေးရှားမြေပေါ်မှာ ကြိုဆိုမယ်ဆိုတဲ့ ကိစ္စရပ်က ကျမတို့ မြန်မာပြည်သူတွေကိုတင် စော်ကားတာ မဟုတ်ဘူး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာကြတဲ့ အာဆီယံပြည်သူတွေကိုလည်း စော်ကားတာဖြစ်သလို မလေးရှားပြည်သူတွေဆိုရင် အခုဆိုရင် ဒီဖြစ်ရပ်ကို လုံးဝ လက်မခံနိုင်ကြဘူးပေါ့နော်။ လက်မခံနိုင်ကြဘူး။ ဟာ.. ဒီ ဂျီနိုဆိုက် တာဝန်ရှိတဲ့ လူတယောက်က မလေးရှားမြေပေါ်မှာ လာမဲ့ကိစ္စသည် ကျမတို့ မျိုးဆက် အဆက်ဆက်အတွက်ကိုပါ ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဆိုတော့ ဒီလုပ်ရပ်ကို ကျမတို့ ပြည်သူတွေကတော့ လုံးဝ ဆန့်ကျင်ရမှာပေါ့နော်” လို့‌ ပြောပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ကလည်း ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း အာဆီယံမှာ တရားဝင်မှုရဖို့ ကြိုးစားနေတဲ့ မြန်မာစစ်တပ်နဲ့ ပြည်တွင်းနိုင်ငံရေးအတွက် ဒုက္ခသည်အရေးကို ဖြေရှင်းချင်တဲ့ မလေးရှားအစိုးရတို့ရဲ့ ကြားမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ်ဟာ ဆက်လက် စိုးရိမ်စရာ အနေအထားမှာပဲ ရှိနေပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013