DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ်အနီး ရေနံတင်သင်္ဘောကြီး ရေအောက်မိုင်းတိုက်မိ ပေါက်ကွဲ
DVB
·
September 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပနားမားနိုင်ငံ အလံတင် ရေနံတင်သင်္ဘောကြီး "အယ်လ်ဂိုင်ယာ" ဟာ ဟော်မုဇ်ရေလက်ကြား တောင်ဘက် တားမြစ်ဇုန်ကို ဖြတ်သန်းချိန်မှာ ရေအောက်မိုင်းတွေနဲ့ တိုက်မိပြီး ပေါက်ကွဲခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောလိုက်ကြောင်း အီရန်ရဲ့ ဖှားစ်သတင်းဌာနက စက်တင်ဘာ ၁၄ ရက်မှာ ဖော်ပြပါတယ်။

ဒီလမ်းကြောင်းရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အရင်ကတည်းက သတိပေးချက်တွေ ထုတ်ပြန်ထားပြီးသားလို့လည်း IRGC ရဲ့ တရားဝင်သတင်းဌာန Sepah News က ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်စစ်တပ်ကတော့ အဲဒီပြောဆိုချက်ကို ချက်ချင်း ငြင်းဆိုခဲ့ပါတယ်။ အဲဒီသတင်းဟာ မမှန်ကန်ဘဲ အဲဒီသင်္ဘောဟာ "ပြီးခဲ့တဲ့လက အီရန်ရဲ့ ဒုံးကျည်ထိမှန်ခဲ့လို့ သွားလာလို့မရတော့ဘူး" လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။

ဒါ့အပြင် အိုမန် ကမ်းလွန်ရေပြင်မှာ ရပ်နားထားစဉ် တနင်္ဂနွေနေ့ ပိတ်ရက်တွေတုန်းကလည်း အီရန်က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။

အယ်လ်ဂိုင်ယာသင်္ဘော ဘယ်အချိန်က ထိမှန်ခဲ့တယ် ဆိုတာကို အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ ရေကြောင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IMO) ကတော့ အယ်လ်ဂိုင်ယာ သင်္ဘောဟာ စက်တင်ဘာ ၁၂ ရက်က ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ တင်ပြခဲ့ပြီး သင်္ဘောသား ၂ ယောက် ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။

ဗြိတိသျှရေတပ်နဲ့ သက်ဆိုင်တဲ့ ယူကေ ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများအဖွဲ့ (UKMTO) ကလည်း ရေလက်ကြားထဲက သင်္ဘောတစင်းကို ဒုံးကျည်လိုမျိုး အရာဝတ္ထုတခု ထိမှန်ခဲ့တာကြောင့် မီးလောင်ကျွမ်းခဲ့ပြီး သင်္ဘောသားတွေပါ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းဌာနအနေနဲ့ ဒီလို ကွဲလွဲနေတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒူဘိုင်းမှာရှိတဲ့ သင်္ဘောပိုင်ရှင်တွေကို ချက်ချင်း ဆက်သွယ်အတည်ပြုလို့ မရသေးပါဘူး။

ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲစတင်ကတည်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် မဟာဗျူဟာမြောက် ရေကြောင်းလမ်းကို အီရန်က တင်းကျပ်ကန့်သတ်ထားပြီး ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းတဲ့ သင်္ဘောတွေကိုပါ ခြိမ်းခြောက် သတိပေးမှုတွေ လုပ်နေပါတယ်။

ရေလက်ကြား ပိတ်ဆို့ခံထားရပြီး အီရန်ရဲ့ "စမတ်ကျကျ ထိန်းချုပ်မှု" အောက်မှာ ဆက်ရှိနေဆဲဖြစ်ကြောင်း IRGC ရေတပ်က ထုတ်ပြန်ထားပါတယ်။

သင်္ဘောခြေရာခံ အချက်အလက်တွေအရ ဒီရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောအရေအတွက်ဟာ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ၁၀ စင်းတောင် မပြည့်ဘဲ လျော့ကျသွားခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ ရက်တာအတွင်း တရက်ကို ပျမ်းမျှအားဖြင့် သင်္ဘော ၁၄ စင်းဆိုတဲ့ အရေအတွက်အောက်ကို ရောက်ရှိသွားပါတယ်။

ပိတ်ရက်တွေအတွင်း ရေလက်ကြားကနေ ဓာတ်ငွေ့တင်သင်္ဘောတစင်း အပါအဝင် သင်္ဘော ၄ စင်း ထွက်ခွာသွားခဲ့ပြီး ကုန်တင်သင်္ဘော ၁၀ စင်းကတော့ ဝင်ရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ အလိုအလျောက် သင်္ဘောခွဲခြားသိရှိရေးစနစ် (AIS) ကို ပိတ်ထားပြီး ဖြတ်သန်းနေတဲ့ သင်္ဘောတွေတော့ ဒီစာရင်းထဲမှာ မပါဝင်ပါဘူး။

ကမ္ဘာ့ ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံကို တင်ဆောင်ပေးနေတဲ့ ဒီဟော်မုဇ်ရေလက်ကြားဟာ စစ်ပွဲမစခင်တုန်းကတော့ နေ့စဉ် ကုန်သွယ်ရေးသင်္ဘောကြီး ၁၂၅ စင်းလောက် ဖြတ်သန်းသွားလာခဲ့ကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013