
နေပူရှိန် မြင့်မားလာတာကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အသက် ၂ နှစ်ကနေ အသက် ၁၄ နှစ်အတွင်းရှိ ကလေးငယ်တွေ ရေကျောက်ဖြစ်ပွားမှုနှုန်း ပိုများလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အသက် ၂ နှစ်မှ အသက် ၁၄ နှစ်အရွယ်အတွင်းရှိ ကလေးငယ်တွေမှာ ကိုယ်အပူရှိန် မြင့်တက်လာရာက မျက်နှာ၊ ကိုယ်၊ လက်၊ ခြေထောက်တွေမှာ အနီစက်တွေ ထွက်လာပြီးနောက် ရေကျောက်ဖြစ်တာလို့ လှည်းကူးမြို့မှ ကလေးမိခင်တယောက်က DVB ကို ပြောပါတယ်။
“အိမ်က သားက ညဘက် ကိုယ်အပူကြီးပြီး မနက်ကျတော့ ခန္ဓာကိုယ်အနှံ့ရော မျက်နှာတွေမှာပါ အနီစက်လေးတွေ ပေါက်လာတာ။ နေကလည်းပူ မီးကလည်းပျက်တော့ ယားလို့ ကုတ်လေ ပိုဆိုးလေပဲ။ အရည်ကြည်ဖုတွေက ပေါက်ပြီး အဲ့ကတဆင့် တကိုယ်လုံးပွားကုန်တာ။ တပတ် ၁၀ ရက်လောက် ခံရတယ်။”
အသက် ၂ နှစ်ကနေ အသက် ၄ နှစ်အတွင်းရှိ ကလေးငယ်တွေမှာ ရေကျောက်ရောဂါကို မူကြိုကျောင်းက ကူးစက်တာများတယ်လို့ မြောက်ဥက္ကလာပမြို့နယ်နေသူတယောက်က DVB ကို ပြောပါတယ်။
“အိမ်ကသမီးက မူကြိုကျောင်းကနေ ရေကျောက်ရောဂါကို ကူးတာ။ အခုရာသီက ရေကျောက်ဖြစ်နေတဲ့ ကလေးများတော့ တယောက်ဖြစ်ရင် ကျန်တဲ့သူပါ ကူးတာပဲ။ ကလေးက ဘာမှမပြောတတ်တော့ ရေကျောက်ပေါက်တဲ့အချိန်ဆို အရမ်းသနားဖို့ ကောင်းတယ်။”
ရေကျောက်ရောဂါမှာ ကူးစက်မြန်တဲ့အတွက် မိဘတွေအနေနဲ့ သားသမီးတွေ ရေကျောက်ပေါက်ပါက ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းတွေ သိထားသင့်ပြီး လိုအပ်ပါက ဆေးခန်းပြသင့်တယ်လို့ ဆရာဝန်တယောက်က DVB ကို ပြောပါတယ်။
“ကလေးငယ်တွေမှာ အဖြစ်များပြီး ကူးစက်မြန်တဲ့ ရောဂါပါ။ တခါမှမပေါက်ဘူးရင်လည်း ပေါက်တယ်၊ ကာကွယ်ဆေး မထိုးထားရင်လည်း ပေါက်တယ်။ အရည်များများသောက်၊ အနားယူ၊ ကလေးကို တကိုယ်သန့်ရှင်းအောင်ထား၊ အိပ်ယာခင်းတွေ ဝတ်ထားတဲ့အဝတ်တွေကို ဆပ်ပြာနဲ့လျှော်၊ လက်သည်းတွေညှပ်ပေး၊ လက်သည်းရှည်လို့ ယားလို့ ကုတ်ရင် အဲဒီလက်ကတဆင့် မျက်နှာတွေပါ ကူးရော။”
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီကနေ မတ်လအတွင်း ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်၊ ဒလ၊ ကော့မှူး၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှည်းကူး၊ မြောက်ဥက္ကလာပနဲ့ အင်းစိန်မြို့နယ်တွေမှာ ရေကျောက်ရောဂါဖြစ်ပွားတဲ့ ကလေးငယ်ဦးရေ ၃၀၀ ကနေ ၄၀၀ ကြား ရှိတယ်လို့ တိုင်းကျန်းမာရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။










