
မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ တဖက် ၁ ဂိုးစီ သရေကျသွားလို့ စီရော်နယ်ဒိုအနေနဲ့ ဆော်ဒီပရိုလိဂ် ချန်ပီယံဖလားကို ကိုင်မြှောက်နိုင်ဖို့ ထပ်ပြီး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ ၈ ကြိမ်မြောက် လိဂ်ချန်ပီယံဆုလည်းဖြစ် ဆော်ဒီမှာ ပထမဆုံးအကြိမ် ဆုဖလားကို ရဖို့ လက်တကမ်းအလိုကို ရောက်နေတာပါ။
တကယ်လို့ မနေ့ညက ကစားခဲ့တဲ့ ရီယာ့ဒ်ဒါဘီပွဲစဉ်မှာ အယ်လ်ဟီလယ်ကို အနိုင်ရခဲ့ရင် အယ်လ်နာဆာအသင်းဟာ ချန်ပီယံ ဖြစ်လာမှာပါ။
အယ်နာဆာဟာ ပထမပိုင်းကတည်းက ၁ ဂိုးအသာနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး အနိုင်ရဖို့ သေချာသလောက် ရှိနေချိန်မှာ ပွဲပြီးခါနီး စက္ကန့်ပိုင်းအလို အချိန်ပိုမိနစ်တွေမှာ အယ်လ်နာဆာ ဂိုးသမား ဘင်တိုက ပြိုင်ဘက်ရဲ့ အဝေးပစ်ဘောလုံးပေးပို့မှုကို ကာကွယ်ရာမှာ ဘောလုံးက မတော်တဆ ချော်ထွက်ပြီး ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသလို ဖြစ်သွားခဲ့တာကြောင့် အယ်လ်ဟီလယ်အသင်း ချေပဂိုး ရသွားခဲ့ပါတယ်။
စိတ်လှုပ်ရှားစရာပွဲစဉ် အပြီးမှာတော့ အယ်လ်နာဆာအသင်းနဲ့အတူ အောင်ပွဲခံဖို့ မျှော်လင့်နေတဲ့ စီရော်နယ်ဒို တယောက် အံ့အားသင့် မှင်တက်သွားရပြီး ချန်ပီယံဆုရဖို့ နောက်ထပ်လက်ကျန်ပွဲစဉ် တပွဲကို အနိုင်ရအောင် ဆက်လက်ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။










