
အမေရိကန်သာထပ်ပြီး တိုက်ခိုက်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်းစစ်ပွဲကို အိန္ဒိယသမုဒ္ဒရာအထိ တိုးချဲ့သွားနိုင်တယ်လို့ အီရန်အဓိပတိခေါင်းဆောင် မို့ဂျ်တာဘာ ခါမေနီရဲ့ ထိပ်တန်းအကြံပေးက သတိပေးလိုက်ပါတယ်။
ဒါဟာ အိန္ဒိယသမုဒ္ဒရာထဲက ဒီယေးဂိုး ဂါစီယာ ကျွန်းပေါ်မှာရှိတဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ပူးတွဲ စစ်အခြေစိုက်စခန်းကို ရည်ညွှန်းပြောဆိုခဲ့ပုံ ရပါတယ်။
အဲဒီစခန်းဟာ မဟာဗျူဟာအရ အရေးပါပြီး အီရန်နိုင်ငံနဲ့ဆိုရင် ကီလိုမီတာ ၄,၀၀၀ လောက် ကွာဝေးတယ်လို့လည်း သိရပါတယ်။
အခုလိုမျိုး စက်တင်ဘာ ၂၂ ရက်နေ့ သတိပေးချက်ဟာ အီရန်အဓိပတိခေါင်းဆောင်ရဲ့ အကြံပေး တယောက်က အိန္ဒိယသမုဒ္ဒရာကို ပထမဆုံးအကြိမ် ထည့်သွင်းပြောဆိုလာခဲ့တာပါ။
အကြံပေးဖြစ်သူ ယာယာ ရာဟင်မ် ဆာဖာဗီက “ပဋိပက္ခဟာ ပါရှန်းပင်လယ်ကွေ့နဲ့ ဟော်မုဇ် ရေလက်ကြားကနေ ပင်လယ်နီအထိကို ပျံ့နှံ့လာနေပါပြီ။ ဒါကြောင့် စစ်ထပ်ဖြစ်လာရင် တုံ့ပြန်ခြင်းအားဖြင့် ဒီ့ထက်ပိုပြီး စစ်မျက်နှာ ကျယ်ပြန့်လာနိုင်ပါတယ်။ အိန္ဒိယသမုဒ္ဒရာအထိ ရောက်နိုင်သလို အဲဒီထက်လည်း ကျော်လွန်နိုင်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
၂ နိုင်ငံကြား ပဋိပက္ခ အဆုံးသတ်နိုင်ဖို့ နောက်ထပ် ကြိုးပမ်းမှုတရပ်အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြင်ပမှာ အမေရိကန်-အီရန် တာဝန်ရှိသူတွေဟာ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီမှာ အီရန်ဘက်က စစ်ပွဲအဆုံးသတ်ရေးအတွက် သူတို့ရဲ့ တောင်းဆိုချက်တွေကို တင်ပြထားပြီး စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့နဲ့ ပြည်ပမှာ ထိန်းသိမ်းခံထားရတဲ့ ပိုင်ဆိုင်မှုတွေ ပြန်လွှဲပြောင်းပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီ ကတော့ ဟော်မုဇ် ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ နျူကလီးယားအရေး ဆွေးနွေးမှုတွေ တဖန်စတင်ဖို့အတွက် ၇ ရက်ကြာ စစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ကို အဆိုပြုထားတယ်ဆိုပြီး အတည်ပြုပါတယ်။
ဒီအဆိုပြုချက်နဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို စောင့်ဆိုင်း နေတယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်က သဘောတူပြီ ဆိုတာနဲ့ စစ်ပွဲအဆုံးသတ်ရေးကို အကောင်အထည်ဖော်ဖို့ အီရန် အနေနဲ့ အသင့်ရှိတယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
အဲဒီအစီအစဉ်အတွက် တရုတ်နိုင်ငံနဲ့ တိုင်ပင်ဆွေးနွေးခဲ့တဲ့အပြင် ပေကျင်းရဲ့ ထောက်ခံမှု အပြည့်အ၀ ရထားတယ်လို့ပါ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း အမေရိကန်ရဲ့ သက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင် သဘောတူညီမှု တခု ရနိုင်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေတဲ့အကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးက ကိုယ်တိုင် ပြောသွားပါတယ်။
Source:Reuters










