
အငြိမ်းစားဝန်ထမ်းတွေ နေထိုင်ဖို့ အိုးအိမ်နဲ့ မြေကွက်တွေ ချထား ဆောက်ရွက်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဇွန် ၂၉ ရက် မနေ့ကကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော် အစည်းအဝေးနဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ စစ်အာဏာရှင်ခန့် ဝန်ကြီးတွေက ပြောပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က တပ်မတော် သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ လုပ်သက်ပြည့် အငြိမ်းစားယူချိန်မှာ နေ ထိုင်နိုင်ဖို့ အိုး/အိမ် နေရာတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ စီစဉ်ဆောင်ရွက်ပေးဖို့အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး နဝမနေ့မှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာက ရန်ကုန် တိုင်းအတွင်းက နိုင်ငံ့ဝန်ထမ်းတွေ လုပ်သက် အနှစ် ၃၀ အထက်နဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်း အငြိမ်းစားယူတဲ့ ဝန်ထမ်းတွေကို မြေကွက်တွေ ချထားပေးဖို့ အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့တာပါ။
အဲဒီလို မေးမြန်းမှုတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ခန့် ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်က နိုင်ငံ့ဝန်ထမ်းတွေ လုပ်သက်ပြည့် အငြိမ်းစားယူချိန်မှာ နေထိုင်နိုင်ဖို့ အိုးအိမ်နေရာတွေကို အစီအစဉ်တရပ်အနေနဲ့ သီးခြားဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖြေကြားသွားပါတယ်။
ဒါပေမဲ့ သက်သာတဲ့ဈေးနှုန်းတွေနဲ့ ငှားရမ်းနေထိုင်နိုင်ဖို့အတွက်တော့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အိမ်ခန်းတွေလျှောက်ထားနိုင်ပြီး အချိုးကျခွဲဝေကာ ငှားရမ်းခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းမဲဆန္ဒနယ်(၂) က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသော်တာရဲ့ မေးမြန်းမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း စည်ပင်သာယာရေး ဝန်ကြီးဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားရာမှာ လက်ရှိအချိန်ကာလမှာ ရန်ကုန်တိုင်းအတွင်းရှိ လုပ်သက်ရင့် ဝန်ထမ်းတွေနဲ့ အငြိမ်းစား ဝန်ထမ်းတွေကို မြေကွက်တွေနဲ့ တန်ဖိုးနည်းအိမ်ရာတွေ ချထားပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိကာလဟာ စစ်အာဏာရှင် အစိုးရတာဝန်ယူဆောင်ရွက်နေတဲ့ အစပိုင်းကာလဖြစ်တဲ့အပြင် မြို့ပြစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို ရေးဆွဲဖို့ စီစဉ်ဆောင်ရွက်ဆဲ အခြေအနေဖြစ်ပြီး ရေးဆွဲပြီးရင်လည်း ပြည်ထောင်စုအဆင့်ရဲ့လမ်းညွှန်မှု ရယူဦးမယ်လို့လည်း ဦးမျိုးမြင့်အောင်က ပြောကြားသွားပါတယ်။










