DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးနှင့် ကျန်းမာရေးအတွက် ဒေါ်လာသန်း ၁၆၀၀ ကမ္ဘာ့ဘဏ် ကူညီမည်
DVB
·
April 24, 2015
လျှပ်စစ်မီးနှင့် ကျန်းမာရေးအတွက် ဒေါ်လာသန်း ၁၆၀၀ ကမ္ဘာ့ဘဏ် ကူညီမည်
Donate to DVB

မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၁၆၀၀ အထိရှိမယ့် နှစ်ရှည်အတိုးမဲ့ချေးငွေနဲ့ ထောက်ပံ့ငွေတွေ၊ နည်းပညာနဲ့ အသိပညာဆိုင်ရာ အကူအညီတွေပေးဖို့ အတည်ပြု လိုက်ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာပါတယ်။

ဧပြီ ၂၃ ရက် ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်မှာ ၂၀၁၅- ၂၀၁၇ ခုနှစ်ကာလအတွက် မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ အကူညီပေးဖို့ ကမ္ဘာဘဏ် အမှုဆောင် ဒါရိုက်တာအဖွဲ့က အတည်ပြုလိုက်တာလို့ ဆိုပါတယ်။

ကမ္ဘာဘဏ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွန်ကြားရေးမှူး အူးလ်ရစ်ခ်ျ ဇာဟာက “ဒီမူဘောင်ဟာ ကျေးလက်ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်ဖို့ အခြေခံကျတဲ့ ပြည်သူ့ ၀န်ဆောင်မှုတွေကို ပိုကောင်းမွန်အောင်ဆောင်ရွက်ဖို့၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှာ လူတိုင်းပါဝင်နိုင်ပြီး ဖွံ့ဖြိုးလာဖို့ ရည်ရွယ်ရေးဆွဲထားတာဖြစ်တယ်။ ဒါမှသာ ဆင်းရဲနွမ်းပါးသူတွေနဲ့ ဒုက္ခရောက်လွယ်သူတွေက လက်ရှိ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်မှာ ဖြစ်တယ်”လို့ ကြေညာချက်မှာ ပြောပါတယ်။

ဒီအကူအညီတွေကြောင့် လာမယ့် ၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ် ၄ သန်းတို့ ကျန်းမာရေးဝန်ဆောင်မှု တိုးတက်ရရှိမှာဖြစ်ပြီး လူ ၆ သန်း အတွက် လျှပ်စစ်မီးနဲ့ တခြားပြည်သူ့ဝန်ဆောင်မှု အကျိုးကျေးဇူးတွေ ခံစားရမယ်လို့ဆိုပါတယ်။

အလားတူ ကမ္ဘာဘဏ်ရဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ) ကနေ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နဲ့ နည်းပညာအကူအညီ ဒေါ်လာ သန်း ၂၀ မြန်မာပြည်က ရရှိမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်က ဆင်းရဲနွမ်းပါးမှုနှုန်းအမြင့်ဆုံးဒေသအချို့မှာ စိုက်ပျိုးရေးနဲ့ ရေပေး စနစ်တွေ အရည်အသွေး တိုးတက်မြင့်မားလာစေဖို့ ကမ္ဘာ့ဘဏ်က မြန်မာအစိုးရကို ကန်ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ချေးငွေကူညီပေးဖို့လည်း ကမ္ဘာ့ဘဏ်က ဧပြီလ ၂၃ ရက်က အတည်ပြုပေးလိုက်ပါတယ်။

ဒီအကူအညီတွေဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ချေးငွေနဲ့ အကူအညီပေးတာ စတင်ရပ်ဆိုင်းခဲ့တဲ့ ၁၉၈၄ ခုနှစ် ကတည်းက နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘဏ်နဲ့မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ်အရ အကူညီတွေ ပေးအပ်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013