
စက်သုံးဆီ တရားမဝင် သယ်ယူရောင်းချတယ်လို့ဆိုပြီး ဧရာဝတီတိုင်းမှာ တောင်သူလယ်သမားတွေ အပါအဝင် အရပ်သား ၂၁ ယောက်ကို စစ်အာဏာရှင်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီ တိုင်းထဲမှာ လယ်သမားတွေ အပါအဝင် အမျိုးသမီး ၅ ယောက်နဲ့အမျိုးသား ၁၆ ယောက်ကို စစ်အာဏာရှင်ရဲတပ်ဖွဲ့က စက်သုံးဆီ တရားမဝင်ရောင်းချမှု၊ မှောင်ခိုဆီသယ်ယူမှုတို့နဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
လပွတ္တာမြို့နယ်က လယ်သမားတယောက်က “လယ်ယာလုပ်ငန်းမှာသုံးမဲ့ စက်သုံးဆီတွေကို တရားမဝင်လှောင်ထားတယ်ဆိုပြီး ဖမ်းခဲ့တာ။ အုပ်ချုပ်ရေးမှူးတွေက သတင်းအမှားတွေ ရဲကိုပေးပြီး ဖမ်းခိုင်းတာ။ အဖမ်းခံရတဲ့အထဲ လယ်သမားတွေလည်း မနည်းပါတယ်” လို့ ပြောပါတယ်။
ကျုံပျော်မြို့နယ်က ၄ ယောက်၊ ငပုတောမြို့နယ်က ၂ ယောက်၊ သာပေါင်းမြို့နယ်က ၅ ယောက်၊ ပုသိမ်မြို့နယ်က ၄ ယောက်၊ ဓနုဖြူမြို့နယ်က ၂ ယောက်၊ လပွတ္တာမြို့နယ်က ၂ ယောက်၊ မြောင်းမြမြို့နယ်က ၁ ယောက်နဲ့ ဖျာပုံမြို့နယ်က ၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဇွန်လပထမအပတ်ထဲမှာ ဖမ်းဆီးခံရတာ များတယ်။ ရေကြည်နဲ့ပုသိမ်၊ သာပေါင်းဘက်က အမျိုးသမီးတွေ အဖမ်းခံရတဲ့အထဲပါတယ်။ အဖမ်းခံရတဲ့ သူတွေကို ဒေသနယ်မြေရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့သိရတယ်” လို့ပြောပါတယ်။
အဖမ်းခံရသူ ၂၁ ယောက်ကို စစ်အာဏာရှင်ရဲတပ်ဖွဲ့က ရေနံနဲ့ ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း ဧရာဝတီတိုင်းမှာ စက်သုံးဆီ တရားမဝင် သယ်ယူရောင်းချမှုနဲ့ အရပ်သား ၁၁ ယောက် ဖမ်းဆီးခံခဲ့ရသေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။











