DVB Logo
Home
Lead Story
ဦးဝင်းတင် ၏ စာပေများကို ပြန်လည်တူးဖော်ခြင်း
DVB
·
April 21, 2015
ဦးဝင်းတင် ၏ စာပေများကို ပြန်လည်တူးဖော်ခြင်း
Donate to DVB

ဦးဝင်းတင်လို့ ပြောလိုက်တာနဲ့ စာရေးဆရာဆိုတာထက် ထင်ရှားတဲ့ နိုင်ငံရေးသမား သတင်းစာဆရာ အဖြစ်လူသိများကြတာပါ။ မြန်မာသတင်းစာလောကမှာ သြဇာကြီးမားတဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ ဟံသာဝတီသတင်းစာရဲ့ အယ်ဒီတာချုပ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်တာကြောင့် ဟံသာဝတီဦးဝင်းတင် လို့လည်း လူသိများပါတယ်။ ဦးဝင်းတင်ဟာ ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း တွေမှာ ဝင်းတင် အမည်နဲ့ ကဗျာနဲ့ ဝတ္ထုတို တွေကို စတင် ရေးသားရင်း ကလောင်သွေးခဲ့ပါတယ်။ အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ပြီး AFP နိုင်ငံခြားသတင်းဌာနမှာ ည အယ်ဒီတာ၊ စာပေဗိမာန်မှာ လက်ထောက် အယ်ဒီတာတွေ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးဟာ ကြေးမုံသတင်းစာ စတင်တည်ထောင်သူတွေထဲလည်း ပါဝင်ခဲ့သူပါ။

ဦးဝင်းတင် ရေးသားခဲ့တဲ့ စာအုပ်တွေထဲက စာအုပ်တချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဆရာကြီးရဲ့ နာမည်ကျော်စာအုပ်တွေထဲမှာ ကွိ လည်း တအုပ်အပါအဝင် ဖြစ်ပါတယ်။ ဒီဘာသာပြန်စာအုပ်ဟာ ဆရာကြီးရဲ့ သမ္မာကျမ်းစာလိုစာအုပ်ဖြစ်ခဲ့ပြီး ဂျာနယ်ကျော်ဦးချစ်မောင်တို့လို ဆရာကြီးတွေရဲ့ ကိုးကွယ်ရာစာအုပ်လည်း ဖြစ်ပါတယ်။ သတင်းစာသမားတစ်ယောက်အကြောင်း ရေးထားတဲ့ဒီစာအုပ်ကို ခေတ်သတင်းစာသမားတွေအနေနဲ့ ဖတ်ကြည့်စေချင်တယ်လို့ ဆရာကြီးက တိုက်တွန်းထားပါတယ်။ ဥတ္တရအလင်း စာအုပ်ကလည်း ဘာသာပြန်စာအုပ်ဖြစ်ပြီး သတင်းစာလောကအကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။

သတင်းစာဆရာရော လေးနက်တဲ့စာရေးဆရာတွေဟာ ကိုယ့်ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် လေ့လာပြီး ပြန်ရေးတာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းသမားတွေက လတ်တလော ဖြစ်ပျက်နေတဲ့ အနေအထားတွေပေါ်မူတည်ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး ကြည့်ပြီးတော့ သုံးသပ် ခွဲခြမ်းစိတ်ဖြာပြီး သတင်းအချက်အလက် တိအကျ နဲ့ သူ့ရဲ့အမြင်ကို ပြန်ရေးတာပါ။ စာရေးဆရာကတော့ ခံစားမှုနဲ့ယှဉ်ပြီး ပြန်လှန်သုံးသပ်ပြီး စိတ်ကူးယဉ်ကွန့်မြုးပြီး ပြန်ရေးကြပါတယ်။ ဝတ္ထုရေးသမား စာရေးဆရာနဲ့ သတင်းသမားကနေ စာရေးကောင်းလို့ စာအုပ်စာတမ်းရေးတဲ့သူတွေက မတူဘူး လို့ ဆရာဖေမြင့်က ပြောပါတယ်။

“ဆရာက စာရေးဆရာဆိုတာထက် သတင်းစာဆရာလို့ပြောရမှာပေါ့။ နောက်ဆုံး နိုင်ငံရေးလုပ်ပြီးတဲ့အထိ သူ့တစ်ဘဝလုံးခြုံပြီးပြောမယ်ဆိုလည်း ဆရာဦးဝင်းတင်ဟာ သတင်းစာဆရာကြီးဖြစ်တယ်။ နောင်တစ်ချိန်ကြတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုမှာ ဦးဆောင်ပြီးတော့ ပါဝင်သွားတယ်။ ရွပ်ရွပ်ချွံချွံလုပ်သွားတယ်ပေါ့နော်။ ဒါပေမယ့် သူ့ရဲ့ ဦးနှောက် စိတ်ဓာတ် အတွေးအခေါ် အမြင်ကတော့ သတင်းစာဆရာရဲ့အမြင်ပဲ တသက်လုံးလွှမ်းမိုးခဲ့တယ်လို့ မြင်တယ်။”

ဆရာကြီးဟာ ခရီးသွားစာပေအမျိုးအစားဖြစ်တဲ့ ခရီးသွားစာပေ စာအုပ်ကိုလည်း ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဆရာကြီးရဲ့ ခရီးသွားစာတမ်း ၂ စောင်ကို ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၂ ခုနှစ်လောက်မှာ ဆိုဗီယက်နဲ့အရှေ့ဥရောပနိုင်ငံတွေကိုသွားတုန်းက အဲဒီမှာမြင်တွေ့ခဲ့ရတာတွေကို ကြေးမုံသတင်းစာမှာ ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးတွေကို စုစည်းပြီးတော့လည်း ကမ္ဘာနီတွင် တင်္ဒဂ ဆိုတဲ့ စာအုပ်ကို ထုတ်ဝေထားပါသေးတယ်။ ဆရာကြီးဆရာကြီးရေးသားခဲ့တဲ့ စာပေပညာနဲ့ပတ်သက်တဲ့စာတမ်း ၂ စောင်ကို စုစည်းပြီး စာပေမွေ့လျော်မှု ပျိုးထောင်ခြင်း ဆိုတဲ့စာအုပ်ကိုလည်းထုတ်ဝေထားပါတယ်။ ဒီစာအုပ်ကရတဲ့အကျိုးအမြတ်တွေကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို လှူဒါန်းသွားမယ်လို့လည်း ထုတ်ဝေသူက ပြောပြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းလေးငါးဆယ်လောက်က ရေးသားထားတဲ့ဆောင်းပါးတွေဖြစ်ပေမယ့် ဒီနေ့ခတ်အဖြစ်အပျက်တွေနဲ့အများကြီးတူညီတယ်လို့ ဆရာကြီးပြောခဲ့တာကတော့ နိုင်ငံရေးဒဏ္ဍာရီနှင့်အတွေးအမြင်ဆောင်းပါးများစာအုပ် ဖြစ်ပါတယ်။ ဆရာကြီးရဲ့ နာမည်ကျော် လူ့ငရဲစာအုပ်ကတော့ ဆရာကြီးထောင်ကထွက်လာပြီး ရေးတဲ့ စာအုပ်ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ လောက် ထောင်ထဲမှာကြုံတွေ့ခဲ့ရတဲ့ ညှင်းပမ်းနှိပ်စက်ခံရမှုတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဆရာကြီးရဲ့ကိုယ်တွေ့မှတ်တမ်းတွေနဲ့ရေးသားထားတာပါ။

ဆရာကြီးဦးဝင်းတင်ဟာ တစ်ချိန်တုန်းက စာရေးများတဲ့အချိန် ဟံသာဝတီဦးဝင်းတင်ရယ်လို့ လူသိများနေတဲ့အချိန်ဖြစ်ပြီး စာအုပ်တွေထုတ်ဖို့ရှိပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် မထုတ်ဖြစ်ခဲ့ဘူးလို့ ဆရာကြီးမကွယ်လွန်မီက ပြောသွားခဲ့ပါတယ်။

“ကျွန်တော်လည်းအဲဒီအချိန်မှာအသက်တော်တော်လည်းကြီးသွားပြီ။ ၅၀ နားနီးသွားပြီပေါ့ဗျာ။ စာတွေလည်းတော်တော်ရေးနေပြီ။ ဒါပေမယ့် ပြသနာက အဲဒီအချိန်မှာ ထုတ်ဝေမယ့်သူမရှိဘူးလေ။ စာအုပ်တွေက ထုတ်ချင်တိုင်းထုတ်လို့မရဘူး။ စာပေစိစစ်ရေးကလည်းရှိသေးတယ်။ ဒီခေတ်မှာဆိုရင်တော့ ကျွန်တော့်စာအုပ်တွေ တော်တော်များများထွက်တယ်။ ဥပမာ ကျွန်တော့်အင်တာဗျူးတွေ စုထုတ်တာတို့ ကျွန်တော့်ဆောင်းပါးအဟောင်းတွေစုထုတ်တာတို့။ ဟိုခေတ်ကလုပ်လို့မရဘူး။ စက္ကူကလည်းရှားတယ်ဗျ။”

အဲဒီအချိန်တုန်းက သူ့ဆောင်းပါးပါရင် ဖြတ် ဆိုတာနဲ့ အခုခေတ်လိုအလွယ်တကူမဟုတ်ပဲ စာရွက်ဆွဲဆုတ်တာမျိုးလုပ်တဲ့အတွက် ပြန်ပြီးပြင်ဆင်ရတာနဲ့ သူ့ဆောင်းပါးတွေကို တော်ရုံမသုံးရဲကြဘူးလို့လည်း ပြောပါတယ်။

“ အဲတော့ ကျွန်တော်က Black List မဟုတ်တာတစ်ခုပဲ။ Black Name ပေါ့ဗျာ။”

ဆရာကြီးဟာ နိုင်ငံရေးစာပေအပြင် အနုပညာနဲ့ပတ်သက်တဲ့စာအုပ်တွေကိုလည်း ရေးသားခဲ့ပါသေးတယ်။ အထူးသဖြင့် ခြေမှာစကား လက်ဖျားကဗျာ မျက်နှာဇာတ်လမ်း စာအုပ်ဟာ ခေါင်းစဉ်ကြည့်ကတည်းက အနုပညာပြည့်တဲ့ စာအုပ်ဖြစ်မယ်ဆိုတာ သိပါတယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

“ ဒီစာအုပ်မျိုးက သူ့လိုလူမျိုးရေးတာ အကောင်းဆုံးပဲဗျ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့အတ္တအစွဲတွေကို တော်တော်ဖြုတ်ပြီးရေးတယ်။ ပကတိအတိုင်းရေးတယ်။ နောက်ပြီးတော့ ရင့်ကျက်မှု တစ်စုံတစ်ရာပါတယ်။ သတ္တိကအမြဲတမ်းအပြည့်ရှိနေတယ်..ဆိုတော့ မကောင်းခံနိုင်မလားဗျာ။ ကျွန်တော်ကတော့ အကြိုက်ဆုံးထဲမှာ ပါပါတယ်။”

ဦးဝင်းတင်ငယ်စဉ်ကတည်းက ပေါ်သစ်နာမည်နဲ့ ပန်းချီဝေဖန်ရေး ရေးတာကို အထဲရောက်မှသိခဲ့ရပြီး သူ့ရဲ့ဆရာတစ်ယောက်ဖြစ်တယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။

“လူတစ်ယောက်ဟာ ကိုယ်ထုတ်လိုက်တဲ့လက်ရာတစ်ခုကို ပြီးကတတ်ဆန်းမဟုတ်ပဲနဲ့ ကျကျနန ဂရုတစိုက်နဲ့နာမည်ပေးတယ်ဆိုကတည်းက အဲဒီနာမည်မှာ အနုပညာကပါနေပြီ။ ကျွန်တော်ကတော့ ဘဘဦးဝင်းတင်ကို အင်မတန်သိတဲ့ နိုင်ငံရေးကို ထဲထဲဝင်ဝင်ကို ဝင်လုပ်နေတဲ့ စာနယ်ဇင်းဆရာကြီးတစ်ယောက်လို့ပဲ ကျွန်တော်မြင်တာပေါ့။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013