DVB Logo
Home
မြန်မာသတင်း
ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို တိုင်းပြည်က တန်းဖိုးထားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
April 21, 2015
ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို တိုင်းပြည်က တန်းဖိုးထားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူ့ကို ချစ်ခင်လေး စားတဲ့သူ အများအပြား တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဝင်းတင်လို ပုဂ္ဂိုလ် တွေကို တိုင်းပြည်နဲ့ ပြည်သူလူထုက တန်ဖိုးထားကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။

“ကျမတို့ဟာ တန်ဖိုးထားသင့်သူများကို တန်ဖိုးထားရပါမယ်။ အထူးသဖြင့် ကျမတို့ တန်ဖိုးထားသင့်တဲ့ပုဂ္ဂိုလ်များ ကျမတို့ကို ရှေ့ဆောင်ပြီးတော့ နမူနာအားဖြင့် လမ်းပြသွားမယ့်၊ သွန်သင်ဆုံးမသွားမယ့် ပုဂ္ဂိုလ်မျုားကို တန်ဖိုးထားနိုင်တာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှကောင်းတဲ့ ကိစ္စပါ။”

အန်အလ်ဒီပါတီ အတွင်းရေးမှူးနဲ့ နာယကအဖွဲ့ဝင် တာဝန်တွေ ယူခဲ့တဲ့ ဦးဝင်းတင်ဟာ တာဝန်ကျေ၊ တာဝန်သိပြီး ပါတီအပေါ်သစ္စာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကားပြောကြားသွားပါတယ်။

“ဆရာကြီးဦးဝင်းတင်ဟာ ကျမတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးဖြစ်ခဲ့သလို တကယ့်ကို အားကိုးရတဲ့ တကယ့်ကို အင်အားပြည့်ဝတဲ့ ဒီမိုကရေစီရဲဘော်တယောက်ဖြစ်ခဲ့ပါတယ်”

ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခမ်းအနား တက်ရောက်လာ သူတွေက ဒီကနေ့မှာ အပြာရောင်ဝတ်ဆင်ကြပါတယ်။

ဟံသာဝတီ ဦးဝင်းတင် ဖေါင်ဒေးရှင်း ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ဒီအပြာဝတ်တယ်ဆိုတာက အဘရဲ့ရည်ရွယ်ချက်ကိုက သူထောင်က ထွက်လာတယ်။ အားလုံး လွတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီးဝတ်တာပေါ့။ အဘ စ၀တ်ကတည်းက သူ့ရည်ရွယ်ချက်နဲ့ သူဝတ်တာဖြစ်တဲ့အတွက် ကျမတို့ တနှစ်ပြည့်မှာ ကမ်ပိန်း လုပ်တယ် ဆိုတာကတော့ အားလုံးအတွက်ပါပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအတွက်ရော၊ အဘအ နေနဲ့ရော၊ အခုချိန်ထိလည်း နိုင်ငံရေးအကျဉ်းသားတွေရှိနေဆဲပဲပေါ့။ ဒါကို ၀တ်ခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက်လည်း ပါသွားပြီးသားဖြစ်တာပေါ့”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဦးဝင်းတင်ဟာ ၁၉၈၉ ကနေ ၂၀၀၈ အထိ ထောင်တွင်းမှာ ၁၉ နှစ် အကျဉ်းကျခံခဲ့ရပြီး ပြန်လွတ်လာချိန်မှာလည်း တခြား နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်မချင်း ထောင်ဝတ် စုံဖြစ်တဲ့ အပြာရောင်ကိုသာ ၀တ်ဆင်ဖို့ အဓိဋ္ဌာန်ပြုပြီး ကွယ်လွန်သည်အထိလည်း အပြာရောင်ကို ၀တ်ဆင်ခဲ့တာပါ။

အခမ်းအနားအပြီးမှာ ဦးဝင်းတင်ရဲ့ အုတ်ဂူကိုသွားရောက်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုလည်း ကျင်းပခဲ့ပါတယ်။

ဦးဝင်းတင်ကို ဂုဏ်ပြုအောက်မေ့တဲ့အနေနဲ့ ဆွမ်းကပ်ဆုတောင်းပွဲတွေ ရန်ကုန်အပြင် တခြားမြို့တွေမှာ ကျင်းပကြသလို ထိုင်းနယ်စပ် မဲဆောက်မြို့မှာလည်း အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ကြပါတယ်။

ဟံသာဝတီဦးဝင်းတင်ဟာ ၁၉၃၀ ခုနှစ်မှာမွေးဖွားပြီး ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ အသက် ၈၅နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူအသက်ရှင်စဉ်မှာ နေထိုင်ခဲ့တဲ့ နေအိမ်ငယ်ကလေးကို ပြတိုက်အဖြစ် ဖွင့်လှစ်ဖို့လည်း ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013