
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီး မမိုးဆန်းစုကြည်ကို လွတ်ရက်စေ့ပေမဲ့ စစ်အာဏာရှင်က ပြန်လွှတ်မပေးဘဲ ဇူလိုင် ၆ ရက်မှာ ထပ်မံပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ NLD ပါတီဝင်ဟောင်း အမျိုးသားတယောက်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ဗဟိုလူငယ်တာဝန်ခံလည်းဖြစ်တဲ့ မမိုးဆန်းစုကြည်ကို ကမာရွတ်မြို့နယ် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တာလို့ သူ့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
“ဒါက သူတို့အမျိုးမျိုးစွပ်စွဲတဲ့စွပ်စွဲချက်ပါပဲ။ ပုဒ်မတွေကို သူတို့ လိုသလို လုပ်နေလို့ရတာပဲလေ။ သူတို့ မလွှတ်ပေးချင်ရင် အမျိုးမျိုးစွပ်စွဲတယ်။ သူ့နည်းတူ တခြားသူတွေလည်း လွတ်ရက်စေ့ပြီး ပြန်အဖမ်းခံရတာတွေ ရှိတယ်။”
မမိုးဆန်းစုကြည်ကို စစ်တပ်က ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်ကတည်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ တိုက်ခန်းတခုကနေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဒီနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) တို့နဲ့စွပ်စွဲပြီး ထောင် ၆ နှစ် ချမှတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇွန် ၉ ရက်မှာ ရန်ကုန် အင်းစိန်ထောင်ကနေ သာယာ၀တီ အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
လွတ်ရက်စေ့ခါနီး ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က မမိုးဆန်းစုကြည်ကို သာယာဝတီမြို့နယ် ရဲတပ်ဖွဲမှူးကိုယ်တိုင် အကျဉ်းထောင်ထဲကနေ ကားနဲ့လာခေါ်ထုတ်သွားပြီး စစ်ဆေးပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာအကျဉ်းထောင်ကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။










