
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တီဟီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ဖြေရှင်းဖို့ အီရန်ဘက်က တင်ပြလာတဲ့ အဆိုပြုချက်အသစ်ကို သူ့ရဲ့ ထိပ်တန်း အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေနဲ့ ဧပြီ ၂၇ ရက်မှာ ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကယ်ရိုလိုင်းန် လဲဗစ်ထ်က သတင်းထောက်တွေကို ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က “အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို နှစ်ဖက်လုံးကနေ ပြန်ဖွင့်ပေးဖို့နဲ့ နျူကလီးယားဆွေးနွေးမှုကိုတော့ နောက်ပိုင်းမှာ လုပ်ဖို့ အဆိုပြု ထားပါတယ်။
နျူကလီးယား အစီအစဉ်ကလည်း ဒီအစိုးရအတွက် အလျှော့မပေးနိုင်တဲ့ အဓိကသတ်မှတ်ချက်တခု ဖြစ်နေတာကြောင့် သမ္မတအနေနဲ့ ဒီလို အဆင့်လိုက်ညှိနှိုင်းမှုမျိုးကို သဘောတူမှာပါလား” လို့ မေးမြန်းခဲ့ပါတယ်။
လဲဗစ်ထ်ကတော့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်မှာလား ဆိုတာနဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို နောက်ပိုင်းရက်တွေမှာ ဆွေးနွေးဖို့ ရှိ မရှိ ဆိုတဲ့ အဆိုပြုချက်အပေါ် မှတ်ချက်ပေး ပြောဆိုခြင်း မရှိပါဘူး။
လဲဗစ်ထ်က သမ္မတဟာ ဒီမနက်မှာ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ တွေ့ဆုံပြီး အဲဒီအဆိုပြုချက်ကို ဆွေးနွေးခဲ့တာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပေမဲ့ သမ္မတ သို့မဟုတ် အမျိုးသားလုံခြုံရေးအဖွဲ့ထက် အရင် အသေးစိတ် မပြောချင်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ရဲ့ အဓိက တောင်းဆိုချက်တွေကတော့ အတူတူပဲလို့ ဆိုပါတယ်။ ထရမ့်ပ်ဟာ ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးထားစေချင်သလို အီရန်ဆီက သန့်စင်ပြီး ယူရေနီယံတွေကို လွှဲပြောင်းပေးစေချင်နေတာ ဖြစ်ပါတယ်။
အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကယ်ရိုလိုင်းန် လဲဗစ်ထ်က သူ့အနေနဲ့ မီးဖွားခွင့် မယူခင် အထိ ဒါဟာ သတင်းထောက်တွေနဲ့ ခဏတာအတွင်း နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း ပြောကြားရင်း သတင်းစာရှင်းလင်းပွဲကို နိဂုံးချုပ်ခဲ့ပါတယ်။
Source: Reuters











