
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ရဲ့ တိုက်ပွဲဟာ တောင်မော်ဦး ရေတပ်နားကို ရောက်လာတဲ့အတွက် စစ်တပ်မိသားစုတွေကို ဓညဝတီ(သစ်ပုတ်တောင်)ရေတပ်ဆီ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂ ရက်က နှစ်ဖက်တိုက်ပွဲဟာ ဒီကနေ့ထိ ဆက်လက်ပြင်းထန်နေပြီး အောက်တိုဘာ ၃ ရက် ညနေဘက်မှာတော့ တောင်မော်ဦးရေတပ်မှာရှိတဲ့ တပ်မိသားစုတွေကို သစ်ပုတ်တောင်ရေတပ်ဌာနချုပ်ဆီကို ရွှေ့ပြောင်းနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူဒေသခံက ပြောပါတယ်။
“မနေ့က ညနေ ၄ နာရီကတည်းက ရွှေ့နေတယ်။ တချို့က သစ်ပုတ်တောင်မှာ ထားတယ်။ တချို့ကို ကျောက်ဖြူမြို့ထဲက ခလရ ၃၄ ကို ပို့တယ်။ သူတို့ကို စက်လှေတွေနဲ့ င/လပွေ့ ချောင်းကတဆင့် ပို့တယ်။”
တောင်မော်ဦးနဲ့ သစ်ပုတ်တောင်ဟာ ကျောက်ဖြူမြို့နယ်ရဲ့ အရှေ့ဘက်ကမ်းမှာရှိကြပြီး ၁၀ မိုင်ဝန်းကျင် ဝေးပါတယ်။
ဓညဝတီ(သစ်ပုတ်တောင်)ရေတပ်ဌာနချုပ်ရဲ့ ဌာနခွဲဖြစ်တဲ့ တောင်မော်ဦးရေတပ်ရဲ့ ကာကင်းတွေနဲ့ AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး AA ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီး၊ ဒရုန်းတွေဟာလည်း တောင်မော်ဦးတပ်ထဲထိ ကျရောက်လာတဲ့အတွက် အခုလို ရွှေ့ပြောင်းထားတာလို့ စစ်တပ်နဲ့နီးစပ်သူတယောက်ကလည်း ပြောပါတယ်။
“AA က လက်နက်ကြီးကျည်၊ ဒရုန်းတိုက်ခိုက်လို့ တပ်ထဲ ကျတယ်။ တချို့တပ်မိသားစုတွေဆို ထိခိုက်မှု ရှိနေတယ်။ အဲဒီလို ထိခိုက်မိသားစုတွေကို ကျောက်ဖြူကို ပို့တယ်။”
ကျောက်ဖြူမှာ အဝတောင်-စနဲလမ်းကို စက်တင်ဘာ ၄ ရက်မှာ စစ်တပ်က ထိုးစစ်ဆင်ခဲ့ပေမဲ့ တပတ်လောက်အကြာ စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ စစ်ကြောင်းတွေ အကျအဆုံး ထိခိုက်တာရှိလို့ နောက်ဆုတ်ခဲ့ရပါတယ်။
အလားတူ စက်တင်ဘာ ၂၈ ရက်နေ့က တကျော့ပြန်ထိုးစစ်ကို စစ်တပ်က ဖော်ဆောင်လာပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တဆက်တည်း အောက်တိုဘာ ၂ ရက်နေ့မှာတော့ စစ်တပ်ရဲ့ တောင်မော်ဦးရေတပ်ဌာန ကာကင်းတွေကို AA က ထိုးစစ်ပြန်ဆင်ပြီး ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။










