
ကိုရီးယားကျွန်းဆွယ်တခုလုံး အပူလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံနေရချိန်မှာ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေကတော့ ဒီလို ပူပြင်းတဲ့ ရာသီဥတုကို ဘယ်လိုရင်ဆိုင် ကျော်လွှားရမလဲဆိုတာ ပြည်သူတွေကို အကြံပြုချက်တွေ ပေးနေပါတယ်။
မြောက်ကိုရီးယားမှာ ဩဂုတ် ၆ ရက်က အပူချိန် ၃၆ ဒသမ ၇ ဒီဂရီ စင်တီဂရိတ် (၉၈ ဒသမ ၁ ဒီဂရီ ဖာရင်ဟိုက်)အထိ မြင့်တက်ခဲ့ပြီး ဒါဟာ သူတို့နိုင်ငံမှာ မိုးလေဝသ မှတ်တမ်းတင် စတင်ခဲ့ချိန်ကစလို့ အမြင့်ဆုံး စံချိန်လို့ နိုင်ငံပိုင် KRT ရုပ်မြင်သံကြားက ထုတ်လွှင့်ပါတယ်။ ညဘက်တွေမှာပါအပူချိန် မကျဘဲ ပူအိုက်နေတာနဲ့ ကြုံတွေ့နေရပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် KRT ရုပ်မြင်သံကြားကနေ မဟာနွေရာသီကာလ "ဆမ်ဘော့ခ်" ဒါမှမဟုတ် နွေရာသီရဲ့ အပူဆုံးရက်တွေလို့ လူသိများတဲ့ ဒီလိုကာလမျိုးကို ဖြတ်သန်းနိုင်ဖို့ အကြံပြုချက်တွေ ထုတ်လွှင့်နေပါတယ်။
ရေဓာတ်ပြည့်ဝအောင် သောက်သုံးဖို့၊ ရေကူးခြင်းနဲ့ ပြင်ပလေ့ကျင့်ခန်းလုပ်ရာမှာ သတိထားဖို့ အကြံပြုထားသလို သမိုင်းစဉ်ဆက် ယုံကြည်မှုအရ အပူဒဏ်ခံနိုင်ဖို့ ခွေးသားစွပ်ပြုတ် သောက်ဖို့ကို လည်း ထူးထူးခြားခြားထည့်သွင်း အကြံပြုထားပါတယ်။
အခုလို အပူလှိုင်းဖြတ်နေချိန်မှာ နိုင်ငံပိုင်မီဒီယာတွေက ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ပြည်သူ တွေလိုပဲ အပူဒဏ်ကို ကြံ့ကြံ့ခံရင်း အလုပ်လုပ်ခဲ့ဖူးကြောင်း ပုံဖော်ဝါဒဖြန့်နေပါတယ်။
၂၀၁၃ ခုနှစ်တုန်းက ခေါင်းဆောင် ကမ်ဂျုံအန်းဟာ နွေရာသီ စိုက်ပျိုးရေးလုပ်ငန်းခွင်တခုကို သွားရောက် စစ်ဆေးခဲ့ချိန်က သူ့အင်္ကျီတွေ ချွေးစိုရွှဲတဲ့အထိ ကြိုးစားခဲ့တယ်ဆိုတာကို အာဏာရ ပါတီရဲ့ ရိုဒုန်း ဆင်မွန်း သတင်းစာက ဒီအပတ်ထဲမှာ ပြန်လည်ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၈ တုန်းက ရေပူစမ်း အပန်းဖြေစခန်းဆောက်ဖို့ နေရာကောင်းရှာရင်း မတ်စောက်တဲ့ တောင်တန်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက ကင်မ်ဂျုံအန်း သွားရောက်ခဲ့တဲ့ အကြောင်းကို သတင်းစာက ပြန်ပြောင်းဖော်ပြခဲ့ပါသေးတယ်။
အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ချိန်တုန်းက ပူအိုက်စွတ်စိုနေတဲ့ ငါးပိ/ငါးငံပြာရည်စက်ရုံရဲ့ အချဉ်ဖောက်ခန်းတွေကို ကင်မ်ဂျုံအန်း သွားရောက် စစ်ဆေးခဲ့တာကိုလည်း နောက်ဆောင်းပါး တပုဒ်မှာ ပြန်ရေးထားပါတယ်။
ဒါပေမဲ့လက်ရှိ ကြုံတွေ့နေရတဲ့ အပူလှိုင်းအတွင်းမှာတော့ ကင်မ်ဂျုံအန်း ဘာတွေလုပ်နေလဲ ဆိုတာကို အသေးစိတ် ဖော်ပြထားတာမျိုး မရှိပါဘူး။
Source:Reuters










