
ဂျာမနီနိုင်ငံက လိုက်ပ်ဇစ်/ဟာလီလေဆိပ်မှာ သြဂုတ်လက ယူကရိန်း ကုန်တင်လေယာဉ်တစင်းကို ဒရုန်းနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုအတွက် ရုရှားကို အပြစ်တင်ဖို့ စီစဉ်ထားပြီး မဟာမိတ်တွေနဲ့ ပူးပေါင်းရင်း ရုရှားအစိုးရအပေါ် ပိတ်ဆို့မှုအသစ်တွေ ပြင်ဆင်နိုင်တယ်လို့ သတင်းရင်းမြစ် ၂ ခုက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ဒရုန်းတစင်းကို လေဆိပ်ဝန်ထမ်းတွေက လေဆိပ်မှာ တွေ့ခဲ့တာပါ။
ဒီလေဆိပ်ဟာ အရှေ့ဂျာမနီက အရေးကြီးတဲ့ အရပ်ဘက်ကုန်စည်ပို့ဆောင်ရေးနဲ့ NATO ထောက်ပံ့ ပို့ဆောင်ရေးတို့အတွက် ဗဟိုချက်ဖြစ်ပြီး ယူကရိန်းနိုင်ငံက ဧရာမ အန်တိုနော့ဗ် An-124 ကုန်တင်လေယာဉ် အမြောက်အမြား အတွက်လည်း အခြေစိုက်စခန်းတခု ဖြစ်ပါတယ်။
ဂျာမန်အစိုးရဟာ အရင်က ရုရှားကို အပြစ်မတင်ပေမဲ့ အခုဖြစ်ရပ်ကို ဥရောပမှာ ဖြစ်နေတဲ့ ရောနှောစစ်ပွဲရဲ့ အစိတ်အပိုင်းတခုအဖြစ် ခေါ်ဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်ပြီးတဲ့နောက် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး ပြိုကွဲသွားခဲ့ပါတယ်။
ဂျာမန်အစိုးရက ရုရှားကို အပြစ်တင်မှာဖြစ်ပြီး ပိတ်ဆို့မှုအသစ်တွေကို ပြင်ဆင်နိုင်တယ်ဆိုတဲ့ ဂျာမန်မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို အမည်မဖော်လိုသူ သတင်းရင်းမြစ် ၂ ခုက အတည်ပြုခဲ့ပါတယ်။ အဆိုပြုထားတဲ့ ပိတ်ဆို့မှုတွေရဲ့ အသေးစိတ် အချက်အလက်တွေကို သူတို့က ထုတ်မပြောခဲ့ပါဘူး။
နိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဝါဒီဖူးလ်က အင်္ဂါနေ့မှာ အယ်လ်ဂျီးရီးယားနိုင်ငံဆီ သွားချိန်က သတင်းတွေကို အပြည့်အဝ အတည်မပြုခဲ့ပေမဲ့ ရုရှားအပေါ် ပိတ်ဆို့မှုအသစ်တွေကို စဉ်းစားနေတာကို အချက်ပြခဲ့ပါတယ်။
Source: Reuters











