DVB Logo
Home
Lead Story
မြန်မာငလျင်ပညာရှင် ဒေါ်လှလှအောင်ကို ၂၀၂၆ ခုနှစ် အာဆီယံဆု ပေးအပ်ချီးမြှင့်
DVB
·
November 15, 2026
Photo: ASEAN
Photo: ASEAN
Donate to DVB

မြန်မာနိုင်ငံက ထင်ရှားတဲ့ သုတေသီနဲ့ ငလျင်ပညာရှင် ဒေါ်လှလှအောင်ကို အာဆီယံအဖွဲ့ကြီးက  ၂၀၂၆ ခုနှစ်အတွက်  အာဆီယံဆု  ပေးအပ် ချီးမြှင့်လိုက်ပါတယ်။

နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပတဲ့ (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာ ဖိလစ်ပိုင် သမ္မတလည်းဖြစ်၊ လက်ရှိ အာဆီယံဥက္ကဋ္ဌလည်းဖြစ်တဲ့ မားကို့စ်ဂျူနီယာ နဲ့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်မ်ဟွန်း တို့က  ဒေါ်လှလှအောင်ကို ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဒေသတွင်း သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ရပ်ရွာလူထုရဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံက ဒေါ်လှလှအောင်ကို ၂၀၂၆ ခုနှစ် အာဆီယံဆုဖလား ပေးအပ်ချီးမြှင့်ခဲ့တာလို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

သိပ္ပံနည်းကျ သုတေသနပြုမှုတွေနဲ့ မူဝါဒရေးရာ တိုက်တွန်းလှုံ့ဆော်မှုတွေ၊ ရပ်ရွာလူထု စွမ်းဆောင်ရည်မြှင့်တင်မှုတွေကြား ပေါင်းကူးချိတ်ဆက်ပေးဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ခဲ့တာကြောင့်ပဲ ဆုပေးဖို့ ရွေးချယ်ခဲ့တာလို့လည်း ဆိုပါတယ်။ 

သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းလာစေဖို့အတွက် သူ့ရဲ့ စံပြဖြစ်လောက်တဲ့ ဦးဆောင်မှုနဲ့ ကာလရှည်ကြာ ဇောက်ချလုပ်ကိုင်ခဲ့မှုတွေဟာ ပိုမိုဘေးကင်းလုံခြုံပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသလို အားလုံးပါဝင်နိုင်တဲ့ အာဆီယံအသိုက်အဝန်းတခု တည်ဆောက်ရာမှာ အထောက်အကူပြုခဲ့တယ်လို့ဆိုပါတယ်။

“ငလျင်ဆိုင်ရာ သုတေသနပြုမှု၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနဲ့ အများပြည်သူ အသိပညာပေးရေး လုပ်ငန်းတွေမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့မှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ၂၀၂၆ ခုနှစ် အာဆီယံဆု (2026 ASEAN Prize) ကို ရရှိခဲ့တဲ့ ဒေါ်လှလှအောင်ကို ကျနော်တို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်”လို့ အာဆီယံ အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

ဒေါ်လှလှအောင်ဟာ မြန်မာနိုင်ငံ ငလျင်ကော်မတီ (MEC) နဲ့အတူ ကာလရှည်ကြာ လက်တွဲလုပ်ကိုင်ခဲ့ရာကနေတဆင့် သုတေသနပြုတာ၊ အသိပညာမျှဝေတာနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေကနေ ငလျင်ဘေး ကြိုတင်ပြင်ဆင်မှု အားကောင်းလာအောင် ပံ့ပိုးကူညီခဲ့ပါတယ်။ 

ဒါ့အပြင် ငလျင်ဘေး ကြိုတင်ပြင်ဆင်ရေးနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာတွေကို ရပ်ရွာလူထုနဲ့ ကျောင်းသားကလေးငယ်တွေကြားမှာ မြှင့်တင်ပေးနိုင်ဖို့အတွက်လည်း တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ ညီလာခံတွေမှာ ပါဝင်ဆွေးနွေးတာနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် ပြင်ပနိုင်ငံတွေက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဘုံစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အပြန်အလှန်ဖလှယ်မှုတွေရဲ့ အရေးပါစေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013