
အိုင်ယာလန်အသင်းဟာ မနေ့ညက အစ္စရေးနဲ့ ကစားခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ ဂါဇာပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် လက်ပတ်တွေ ဝတ်ဆင်ပြီး ကစားသွားခဲ့ပါတယ်။
ဒါ့အပြင် ပွဲမစတင်ခင် အစ္စရေးနိုင်ငံတော်သီချင်း ထုတ်လွှင့်ချိန်မှာလည်း ခေါင်းငုံ့ထားခဲ့ကြပြီး အစ္စရေး ကစားသမားတွေကို လက်ဆွဲနှုတ်ဆက်ဖို့လည်း ငြင်းဆန်ခဲ့ကြပါတယ်။
အိုင်ယာလန် အသင်းခေါင်းဆောင် ဒါရာ အိုရှေးနဲ့ အစ္စရေးအသင်းခေါင်းဆောင် မာနော ဆော်လိုမွန် တို့အကြား လက်ဆွဲနှုတ်ဆက်တာ မလုပ်ခဲ့ကြသလို အမှတ်တရ အလံငယ်တွေ လဲလှယ်တာလည်း မရှိခဲ့ပါဘူး။
အိုင်ယာလန် ကစားသမားတွေအနေနဲ့ ပွဲမစမီ ပြုလုပ်လေ့ရှိတဲ့ အလေ့အထတွေကို အစ္စရေးအသင်းနဲ့ ပြုလုပ်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် တကမ္ဘာလုံးအတိုင်းအတာနဲ့ အသိပညာပေး လှုံ့ဆော်နိုင်ခဲ့တယ်လို့ အိုင်ယာလန်အသင်းရဲ့ နည်းပြချုပ် ဟေးမာဟားဂရင်းဆန်ကပြောပါတယ်။
ဂါဇာ ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ အသက်ပေါင်းများစွာကို အသိအမှတ်ပြု အလေးဂရုပြုတဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် (FAI) ရဲ့ အမှုဆောင်အရာရှိချုပ် ဒေးဗစ် ကူးရဲလ်ကပြောပါတယ်။
အိုင်ယာလန်အသင်းခေါင်းဆောင် ဒါရာ အိုရှေးကလည်း အဆိုပါပွဲစဉ်ကနေရတဲ့ သူ့ရဲ့ ကြေးငွေ အားလုံးကို ဂါဇာဒေသ ထောက်ပံ့ကူညီရေးအတွက် လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ကြားကွင်းဖြစ်တဲ့ ဟန်ဂေရီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အဆိုပါပွဲစဉ်မှာတော့ အိုင်ယာလန်အသင်းက အစ္စရေးအသင်းကို ၃ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စု B3 မှာ ၂ သင်းစလုံး တအုပ်စုတည်း ကျရောက်ခဲ့စဉ်ကတည်းက ငြင်းခုံမှုတွေဖြစ်ခဲ့တာဖြစ်ပြီး အိုင်ယာလန် ကစားသမားတွေက ပြိုင်ပွဲက နုတ်ထွက်ဖို့နဲ့ သပိတ်မှောက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ စနေနေ့က ဒက်ဘရက်ဆင်မြို့ရှိ အသင်းတည်းခိုရာ ဟိုတယ်မှာ အချိန်ယူ ဆွေးနွေးခဲ့ကြကာ အသင်းတွင်း မဲခွဲဆုံးဖြတ်ပြီးနောက် ဒီပွဲစဉ်ကို ယှဉ်ပြိုင်ကစားဖို့ ကစားသမားအများစုက သဘောတူခဲ့ကြတာပါ။
ဒီပွဲစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အိုင်ယာလန်ဂိုးသမား ဂါဗင်ဘာဇူနူကတော့ အသင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အစ္စရေးဘောလုံးအဖွဲ့ချုပ်ကတော့ ဘောလုံးလောကက အနိုင်ရရှိခဲ့တာလို့ တုံ့ပြန်ပြောကြားခဲ့ ပါတယ်။










