
ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ အမြန်ဆုံး လုပ်ဆောင်ပေးမယ်လို့ စစ်အာဏာရှင်သမ္မတက ပြောဆိုထားပေမဲ့ မြေပြင်မှာတော့ ရေဘေးကူညီသူတွေကို ခြိမ်းခြောက်တာ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပိတ်ပင်ခံရတာတွေ ရှိနေပါတယ်။
ဩဂုတ် ၉ ရက်က ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ထဲက ရေဘေးသင့်နေတဲ့ လေးမျက်နှာမြို့နယ်ကို ရောက်ရှိခဲ့တုန်းက စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့အစိုးရအနေနဲ့ ရေဘေးသင့် ပြည်သူတွေကို မူလအခြေအနေ အမြန်ဆုံးပြန်ရောက်အောင် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ အမြန်ဆုံး လုပ်ဆောင်ပေးမယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။
လက်တွေ့မှာတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ရေဘေးသင့်ပြည်သူတွေကို သွားရောက်ကူညီ ကယ်ဆယ်မဲ့ အလှူရှင်တွေနဲ့ အရပ်ဖက်အသင်းအဖွဲ့တွေကို သွားရောက်ကူညီမယ်ဆိုရင် အကြမ်းဖက် အားပေးတယ်လို့ စွပ်စွဲကာ နေအိမ်တွေ ချိပ်ပိတ်မယ်လို့ ရွှေဘိုခရိုင်ရဲမှူးက ခြိမ်းခြောက် ပြောဆိုနေတယ်လို့ ရွှေဘိုမြို့နယ် ပကဖရဲ့ တာဝန်ရှိသူက DVB ကို စာနဲ့ ပြန်လည် ဖြေကြားပါတယ်။
ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “ခရိုင်ရဲမှူးက အစည်းအဝေးမှာ ပြောတယ်လို့ သိရပါတယ်ဗျ။ ရေဘေးကိုလာလှူဖို့ ခွင့်သွားတောင်းတဲ့သူတွေကို အဲလိုသွားမယ်ဆိုရင် အကြမ်းဖက်အားပေးတာ ဖြစ်တဲ့အတွက် နေအိမ်ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်လို့ သိရပါတယ်။ ဘယ်နေ့က ဆိုတာတော့ ကျနော်တို့ အတိအကျ မသိရပါဘူး။ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာဖြစ်တဲ့အတွက် ကျနော်တို့ဆီကိုတော့ သတင်းက မနေ့က ရောက်ပါတယ်။ အခုထိတော့ ကျနော်တို့ဆီ မြို့ထဲကနေ အလှူရှင်တွေ ရောက်မလာသေးပါဘူး။ ပျူရွာတွေကိုတော့ Y12 နဲ့ ရိက္ခာချပေးထားတယ်လို့ သိရတယ်။ အဓိကကတော့ တော်လှန်ရေးအားကောင်းရာ ဒေသတွေ ဖြစ်တဲ့အတွက် ပိတ်ဆို့တာလို့ပဲ ကျနော်တို့ ယူဆပါတယ်ဗျ။ ကူညီကယ်ဆယ်ရေး အထောက်အပံ့ မရတာဖြစ်တဲ့အတွက် ရေဘေးခံစားနေရစဉ် ကာလနဲ့ ပြန်လည်ထူထောင်ရေး ကာလတွေမှာ ကျနော်တို့ ကိုယ်ထူကိုယ်ထ အားပိုစိုက်သွားရဖို့ပဲ ရှိပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်နဲ့ မန္တလေးဘက်က လာတဲ့ ကူညီပေးရေးအဖွဲ့တွေက ရေဘေးရှောင်ပြည်သူတွေ အတွက် အရေးတကြီး လိုအပ်နေတဲ့ ဆန်၊ ဆီ၊ ဆေးဝါး စတာတွေနဲ့ အဝတ်အထည်၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ သယ်ဆောင်လာတာကို စစ်တပ်က စစ်ကိုင်းတံတားကနေ တားမြစ်ပိတ်ပင်တာ၊ သိမ်းဆည်းသွားတာတွေ ရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
ဒီလို တားမြစ်ပိတ်ပင်ထားတာတွေကြောင့် ရေဘေးသင့်တာ တပတ်ကျော်လာတဲ့အချိန်ထိ ပြင်ပအဖွဲ့အစည်းနဲ့ အလှူရှင်တွေ လာရောက်တာ မရှိသေးကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံက “ကျနော်တို့ ရေကျသွားတော့မှ ပြန်လည် ထူထောင်ရေးကတော့ သောက်သုံးရေပေါ့နော်၊ သောက်သုံးရေကို အရေးပေါ် ဝမ်းလျှော ဝမ်းရောဂါတွေ မဖြစ်အောင်လို့ဆိုပြီး ကျနော်တို့ ရေသန့်ကတ်တွေ၊ ရေသန့်တွေလည်း အဆင်သင့် လုပ်ထားပါတယ်ဗျ။ လောလောဆယ် ဒါ အလိုအပ်ဆုံးဟာပေါ့။ ကျနော်တို့နယ်က တန့်ဆည်နယ်ဆိုတော့ NGO တွေဘက်ကနေ ဒီဘက်ကိုလာပြီး ပံ့ပိုးမှု နည်းတာပေါ့နော်။ ဖြစ်နိုင်တယ်ဆိုရင်တော့ NGO ဘက်ကလည်း ဒီလို ကူညီကယ်ဆယ်ရေး ထောက်ပံ့မှုတွေ လုပ်ပေးနိုင်တယ် ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့ဗျာ။ အဲဒါလေးပေါ့၊ အခုချိန်ထိအောင်တော့ ကျနော်တို့ တန့်ဆည်နယ်မှာတော့ ဘယ်လို ပြင်ပအဖွဲ့အစည်းတွေကတော့ ရောက်လာတာ မရှိသေးပါဘူးဗျ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့လည်း ပါမှာပေါ့ဗျာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရေဘေးသင့်ဒေသတွေထဲမှာမှ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းမြို့ပေါ် နေရာတချို့ကိုပဲ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ သွားရောက်ကာ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နေကြပြီး စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲက ဒေသတွေကိုတော့ ဖက်ဒရယ်ယူနစ်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ပသုံးလုံးတို့ရဲ့ ကူညီလုပ်ဆောင်မှုသာ ရှိကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းတခုတည်းမှာတော့ ရေဘေးသင့်မြို့နယ် ၁၃ ခုရှိပြီး အိမ်ထောင်စုပေါင်း ၅၁,၇၀၂ ခုနဲ့ ရေဘေးသင့်ပြည်သူ ၂၂၆,၉၉၁ ယောက် ရှိနေပြီး သေဆုံးသူ ၂၃ ယောက်ထိ တိုးလာကာ ပျောက်ဆုံးသူ ၂ ယောက်လည်း ရှိနေပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဥ်ရက်ဆက် ရွာသွန်းတာနဲ့ ဆည်ရေ ဖောက်ထုတ်တာတွေကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၂၀ မှာ ရေလွှမ်းမိုးမှုတွေ ဆက်ဖြစ်နေပြီး လူဦးရေ စုစုပေါင်း ၄၅၂,၁၆၃ ယောက်လောက် ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဩဂုတ် ၁၁ ရက် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဝေဝေ











