DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် KTV ဖွင့်ပြီး မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးကို AA ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
March 26, 2026
Photo: AA တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန
Photo: AA တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ KTV ဖွင့်ပြီး မူးယစ်ဆေးဝါး ရောင်းချသူတယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ ဌာနဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူဟာ မြောက်ဦးမြို့နယ်၊ သရက်တောရွာက အသက် ၂၈ နှစ်အရွယ် ကိုမျိုးလှိုင်ဝင်း ဖြစ်ပါတယ်။

မင်းပြားမြို့နယ်၊ သဲတန်းရွာမှာ ဖွင့်လှစ်ထားတဲ့ Music Love KTV မှာ မတ် ၂၅ ရက်က မူးယစ်ဆေးဝါးသုံးစွဲပြီး ရောင်းချသူတယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဖမ်းဆီးလိုက်တယ်လို့ AA နဲ့ နီးစပ်တဲ့ မင်းပြားဒေသခံတယောက်က ပြောပါတယ်။

“သတင်းအရ သွားဖမ်းတာပါ။ KTV မှာ မူးယစ်ဆေးလည်း သုံးတယ်၊ ရောင်းလည်း ရောင်းတယ်။ သူနဲ့ ဆက်စပ်သူတွေကိုလည်း စစ်ဆေးနေတယ်လို့ ကြားသိရတယ်။ ကွင်းဆက်စစ်ဆေးပြီးရင် ပြစ်ဒဏ်ချမှတ်မှာပါ။”

ပြစ်မှုကျူးလွန်သူကို WY/R စာတန်းပါ မူးယစ်ဆေးပြား ၅၅၇ ပြားနဲ့ မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိတယ်လို့ ယူဆရတဲ့ ငွေကျပ် ၉၆၀,၀၀၀ ကျပ်အပြင် ViVo အမျိုးအစား အမည်းရောင် လက်ကိုင်ဖုန်းတလုံး၊ Oppo အမျိုးအစား အမည်းရောင် လက်ကိုင်ဖုန်းတလုံး၊ အရိုးအသွား ၁၀ လက်မခန့်ရှိတဲ့ အသွားနှစ်ဖက်ပါ ဒါးဦးချွန်တလက်၊ GRAND ROYAL တံဆိပ်ပါ သောက်လက်စ အရက်တပုလင်း၊ Mongolia တံဆိပ်ပါ သောက်လက်စ အရက်တပုလင်း KTV အတွင်းမှာ ဖမ်းဆီးရမိခဲ့တာလို့ အာရက္ခ မှုခင်းနဲ့ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က မတ် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျူးလွန်သူ အသုံးပြုတဲ့ Wave Honda အပြာ-အမည်းစပ်ရောင် ဆိုင်ကယ်တစီး၊ HILUX SURF အမည်းရောင် အိမ်စီးကားတစီးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကိုမျိုးလှိုင်ဝင်းကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က) နဲ့ အမှုဖွင့်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013