DVB Logo
Home
မြန်မာသတင်း
စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံ ၀ ဒေသတွင် လုပ်မည်ဟုဆို
DVB
·
April 5, 2015
စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံ ၀ ဒေသတွင် လုပ်မည်ဟုဆို
Donate to DVB

စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ထိပ်သီးညီလာခံကို (ယူဒဗလျူအက်စ်အေ) ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်ရှိတဲ့ ပန်ဆမ်းမှာ ကျင်းပပြုလုပ်ဖို့ရှိပြီး ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ ၀တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက ရန်ကုန်မှာ အစိုးရနဲ့ အပစ်ရပ်ပဏာမစာချုပ်မူကြမ်းကို လက်မှတ်ထိုးခဲ့ပြီးတဲ့နောက် အဲ့ဒီမှာ သဘောတူခဲ့တဲ့အချက်တွေကို ပြန်လည်ဆွေးနွေးကြမယ့် တိုင်းရင်းသားညီလာခံတရပ် လုပ်ဖို့ရှိနေပြီး ၀ ဘက်က သူတို့ ဒေသမှာ လာလုပ်ဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

“မူလကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဆွေးနွေးပွဲတခုလုပ်ပြီးတော့ အပစ်ခတ်ရပ်စဲရေး တိုင်းပြည်မှာ မြန်မြန်ဆန်ဆန်ဖော်ဆောင်နိုင်ရေးရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ၄ လပိုင်းမှာ စ ပြင်ဆင်မယ်၊ ၅ လပိုင်း ၁ ရက်ကနေ ၃ ရက်အထိ အစည်းအဝေး ဖြစ်မြောက်အောင် ခေါ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ခဲ့တဲ့ကြားမှာပဲ အန်စီစီတီနဲ့က မတ်လ ၃၁ ရက်မှာ အပစ်ခတ်ရပ်စဲရေးမူကြမ်းကို သဘောတူလိုက်တယ်။ အဲ့တော့ တိုင်းရင်းသားညီလာခံတရပ်လုပ်ဖို့က တိုင်းရင်းသားခေါင်းဆောင်တွေပေါ်မှာပဲ မူတည်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံး အပစ်ရပ်လုပ်ငန်းညှိနှိုင်းအဖွဲ့ အန်စီစီတီ အဖွဲ့ဝင် ဦးခွန်ဥက္ကာက တိုင်းရင်းသားညီလာခံ ပန်ဆမ်းမှာလုပ်ဖို့ လျာထားချက်ရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိတ်ရဦးမယ်။ သူတို့ရဲ့ သဘောထား မပါဘဲနဲ့ တခါတည်း တန်းပြောလို့ မကောင်းဘူးလေ။ ကျနော်တို့က လျာထားတာပေါ့ဗျာ။ ၀ ဘက်ကတော့ နေပြည်တော်ရောက်ပြီး ခွင့်ပြုချက်တောင်းလို့ နေပြည်တော်က ပေးလိုက်ပြီလို့ ကြားတယ်ဗျ။ ၀ ကတော့ အိမ်ရှင်အဖြစ်ပေါ့ဗျာ။ သို့သော် လုပ်မယ့်ပုံသဏ္ဌာန်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးလား၊ သို့တည်းမဟုတ် အန်စီစီတီအဖွဲ့ဝင်တွေရဲ့ ထိပ်သီးလား၊သို့မဟုတ် ယူအန်အက်ဖ်စီနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပေါင်းပြီးတော့ ခေါ်တဲ့ ထိပ်သီးလား၊ လုပ်ထုံးလုပ်နည်းလေး နည်းနည်း ညှိနေကြတယ်၊ ဒါ တချက်။ နောက် နေရာကလည်း အားလုံးအကြိုက်ဖြစ်ပြီလားဆိုတာကို အချိန်နည်းနည်း စောင့်နေတယ်။”

သင်္ကြန်မတိုင်မီ ပန်ဆမ်းမှာ တိုင်းရင်းသားညီလာခံ လုပ်ဖြစ် မလုပ်ဖြစ် အဖြေထွက်လိမ့်မယ်လို့လည်း ပြောပါတယ်။

အခုခေါ်မယ့် ညီလာခံဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထ္တအကြိမ်ညီလာခံဖြစ်ပါ တယ်။ ပထမအကြိမ်ညီလာခံကို ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမှာ ခေါ်ယူပြီး ဒုတိယ အကြိမ်ကိုတော့ ကေအန်ယူ ထိန်းချုပ်ရာ လော်ခီးလာမှာ ကျင်းခဲ့ပါတယ်။ တတိယအကြိမ်ညီ လာခံကို လိုင်ဇာမှာ ထပ်မံကျင်းပခဲ့တာဖြစ် ပါတယ်။

အခုတကြိမ်ကျင်းပမယ့် တိုင်းရင်းသားထိပ်သီးညီလာခံမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ရရင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်းကို အပြီးသတ် လက်မှတ်ထိုးကြမှာဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးအပြီးမှာ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေချမှတ်ပြီး ၃ လအတွင်း နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို တပြိုင်တည်း ဆက်လက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်ခဲ့ရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတရပ် ဆက်လက်ကျင်း ပဖို့ရှိပြီး ညီလာခံရလာဒ်ကို စာချုပ်ချုပ်ဆိုကြမှာ ဖြစ်ပါတယ်။ ဒီစာချုပ်ကို ပြည်ထောင်စု လွှတ်တော်တင်သွင်းအတည်ပြုပြီးရင်တော့ စာချုပ်ပါ ရလဒ်တွေ အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013