
အမျိုးသမီးစစ်မှုထမ်းသင်တန်းကို ဩဂုတ် ၁၀ ရက်က စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ခဲ့တာကို စစ်အာဏာရှင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သတင်းမှားဖြစ်တယ်လို့ ပြောပါတယ်။
ဩဂုတ် ၁၁ ရက် ဒီကနေ့မှာ သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကတဆင့် ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီး စစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းတွေကိုသာ ဖွင့်လှစ်ထားတာလို့လည်း ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အမျိုးသမီး စစ်မှုထမ်းတွေ ခေါ်ယူတာနဲ့ သင်တန်းဖွင့်လှစ်တာမျိုး လုံးဝမရှိဘူးလို့လည်း ပြောပါတယ်။
သင်တန်းသူအများစုဟာ ရန်ကုန်မြို့ စက်ရုံအလုပ်ရုံက အလုပ်သမားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ ဒီအမျိုးသမီးစစ်မှုထမ်းသင်တန်းကို ရကသ ၄ နဲ့ စစ်သင်တန်းကျောင်းတချို့မှာ လက်ခံလေ့ကျင့်ပေးမှာ ဖြစ်တယ်လို့ MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့နဲ့ မြို့ပြဒေသတွေမှာ အမျိုးသမီးငယ်အချို့ ပျောက်ဆုံးမှု၊ ဖမ်းဆီးစုဆောင်းခံရမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ရန်ကုန်မြို့ဒေသခံ အမျိုးသမီးငယ်တဦးကတော့ “အခုလောလောဆယ်ကတော့ အမှန်တကယ်ကတော့ ရန်ကုန်မြို့ကြီးကတော့ မှောင်နေရင် ထွက်လို့ကောင်းတဲ့ထဲမှာ မပါဘူး။ မြောက်ဥက္ကလာမှာ ဆိုရင်လည်း ကြိုးတံတားရှိတယ်လေ၊ အဲ့ဘက်ဆိုရင် ညဘက်ဆိုရင် မဖြတ်ရဲဘူး။ ဖမ်းတာဆီးတာ ရှိတယ်။ ဒီအနီးအနားဝန်းကျင်မှာလည်း လူပျောက်ကြော်ငြာတွေလည်း နည်းနည်း အဲ့လိုမျိုး ဘယ်သူပျောက်သွားလို့ အဲ့လို တက်လာတာတွေလည်း အများကြီးပဲ။ မြင်ရတွေ့ရတာ စိတ်မချမ်းသာဘူး။ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပျောက်နေတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာဖြစ်ပြီး လက်ရှိမှာ အမျိုးသားစစ်မှုထမ်း အပတ်စဉ် ၂၇ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။










