ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းဆီက ဘွဲ့တံဆိပ်များ ပြန်သိမ်းပြီး ညွှန်ချုပ် ၂ ဦးကို ဖြုတ်ပစ်

စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင်ဟာ ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းဆွေကို ချီးမြှင့်ခဲ့ တဲ့ ဘွဲ့တံဆိပ်တွေအားလုံး ပြန်ရုပ်သိမ်းလိုက်ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါနဲ့ ဦးမြင့်သူရတို့ ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းဆွေကို ပေးခဲ့တဲ့ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ တွေကို ၂၀၀၉ ခုနှစ် ဘွဲ့တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် အပိုဒ် ၆၇ (င) နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၂၀၅ ပုဒ်မခွဲ (င) အရ ပြန်ရုပ်သိမ်းခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ ဗဟိုဘဏ် ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါကိုလည်း ရာထူးက ထုတ်ပယ်ခဲ့တယ်လို့ Non CDM ဝန်ထမ်း တယောက်က DVB ကို ပြောပါတယ်။
"စစ်တပ်က ဒေါ်သန်းသန်းဆွေဆီက ဘွဲ့တံဆိပ်တွေ ပြန်သိမ်းတဲ့နေ့ ညွှန်ချုပ် ဒေါ်ခိုင်ရွှေဝါကိုလည်း ရာထူးက နားလိုက်တယ်။ ဒုဗိုလ်ချုပ်ကြီး မင်းနိုင်ကို ဝန်ကြီးနေရာပေးတဲ့နေ့ စီးပွားကူးသန်းက ညွှန်ချုပ် ဦးမြင့်သူရကို ဖြုတ်တဲ့နေ့ အတူတူပဲ။”
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းမှုဖော်ဆောင်မှုဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်ကို အောက်တိုဘာ ၂၃ ရက်က ဝန်ကြီးအဆင့် တာဝန်ပေးခဲ့ပြီး အဆိုပါနေ့မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရကို ရာထူးက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်ကလည်း သူရဦးအောင်ကိုဆီက သူရဘွဲ့နဲ့ ဝဏ္ဏကျော်ထင်ဘွဲ့၊ ဦးချစ်ခိုင်ဆီက စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့နဲ့ စီမံထူးချွန်တံဆိပ် ဒုတိယဆင့်၊ ဦးခင်ရွှေဆီက ဝဏ္ဏကျော်ထင်ဘွဲ့နဲ့ ဦးသိမ်းဝေဆီက သီရိပျံချီဘွဲ့ စစ်တပ်က ပြန်ရုပ်သိမ်းခဲ့ပါတယ်။
အလားတူပဲ ဗိုလ်ချုပ် ဇော်လွင်ဦးဆီက ဇေယျကျော်ထင်ဘွဲ့နဲ့ မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်၊ ဗိုလ်ချုပ် ဝင်းလွင်ဆီက ဇေယျကျော်ထင်ဘွဲ့၊ ဗိုလ်ချုပ် လှမြင့်စိုးဆီက ဇေယျကျော်ထင်ဘွဲ့၊ ဗိုလ်ချုပ် အောင်လင်းထွန်းဆီက ဇေယျကျော်ထင်ဘွဲ့တို့ကို ပြန်သိမ်းခဲ့ပါတယ်။











