
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရုရှားနိုင်ငံအတွင်းပိုင်းအထိ အဝေးလှမ်းတိုက်ခိုက်မှုတွေအပေါ် အဓိက လုပ်ဆောင်မဲ့ သီးသန့်စစ်ရေးကွပ်ကဲမှု အဖွဲ့သစ်တဖွဲ့ကို ဇူလိုင် ၁၀ ရက်မှာ အမိန့်ဒီဂရီ လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအဖွဲ့သစ်ကို အတွေ့အကြုံရင့်တဲ့ ခေါင်းဆောင်တယောက်က ဦးဆောင်မှာဖြစ်ပြီး ရုရှားရဲ့ စစ်ရေး ဆင်နွှဲနိုင်စွမ်းကို ပိုပြီးကျဆင်းသွားအောင် ရှိသမျှ အရင်းအမြစ်အားလုံး စုစည်းပြီး လုပ်ဆောင် သွားမယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းရဲ့ အဝေးပစ် စစ်ဆင်ရေးတွေကြောင့် ရုရှားနိုင်ငံထဲမှာ လောင်စာဆီပြတ်လပ်မှုပြဿနာ ပိုဆိုးလာနေပြီး ဒါဟာ စစ်ပွဲကိုမရပ်တန့်ဘဲ ငြင်းဆန်နေတဲ့ ပူတင်အတွက် ထိုက်တန်တဲ့ တုံ့ပြန်မှု ဖြစ်တယ်လို့လည်း ဇလန်းစကီး က ဆိုပါတယ်။
ယူကရိန်းဘက်က တင်ပြထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တွေကို နိုင်ငံတကာမဟာမိတ်တွေတင် မကဘဲ ပူတင်ရဲ့ လူယုံတွေကပါ ထောက်ခံနေကြပြီး စစ်ပွဲရပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိဘူး ဆိုတာကို ရုရှားနိုင်ငံထဲမှာ ပိုပြီးသဘောပေါက်လာကြပြီလို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။
တဆက်တည်းမှာပဲ ဒရုန်းနည်းပညာ၊ အမြောက်တပ်ကူညီမှုတွေနဲ့အတူ စစ်မြေပြင်မှာ အမြန်ဆုံး တုံ့ပြန်နိုင်မဲ့ "အမြန်တုံ့ပြန်ရေး ပူးတွဲတပ်ဖွဲ့" အသစ်တဖွဲ့ကိုလည်း သမ္မတဇလန်းစကီးက ဖွဲ့စည်း လိုက်ပါတယ်။
ဒီအတွက် လက်ရှိတိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ လုပ်သွားမှာ ဖြစ်သလို၊ စစ်သည်အင်အား စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုပါ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အခုလို ယူကရိန်းဘက်က စစ်ရေးပြင်ဆင်မှုတွေ တိုးမြှင့်နေချိန်မှာပဲ ရုရှားဘက်ကလည်း ယူကရိန်း ရှေ့တန်းမြို့ တမြို့ဖြစ်တဲ့ ခရာမာတော့စ်ခ်ကို မနေ့က လေကြောင်းဗုံး ၇ လုံး ကြဲချတိုက်ခိုက်မှု ကြောင့် လူ ၄ ယောက်သေဆုံးပြီး ၉ ယောက် ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူး ဗာဒင်းမ် ဖီလက်ရှ်ကင်က ပြောပါတယ်။
ရုရှားဘက်က အရပ်သားတွေကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ အုပ်ချုပ်ရေးမှူး က စွပ်စွဲပြောဆိုထားပြီး ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ်ခြေတွေ၊ ဆိုင်ခန်းတွေနဲ့ ပုဂ္ဂလိကပိုင် နေအိမ်တွေ ပျက်စီးခဲ့ရသလို တိုက်ခန်းတွေ မီးလောင်နေတဲ့ ဓာတ်ပုံတွေကိုလည်း တယ်လီဂရမ်မှာ မျှဝေထားပါတယ်။
Source:Reuters










