
ဥရောပတိုက် တဝန်းမှာ စံချိန်တင် အပူလှိုင်းနဲ့ ကြုံတွေ့နေရချိန် ပြင်သစ်နိုင်ငံမှာ ဇွန် ၁၈ ရက်ကနေ ၂၃ ရက် အထိ ရေနစ်သေဆုံးသူ အယောက် ၄၀ အထိ ရှိလာပါတယ်။
သေဆုံးသူ အများစုဟာ လူငယ်တွေဖြစ်ကြပြီး အပူဒဏ် သက်သာစေဖို့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ ရေဆင်းချိုးရာကနေ အခုလို သေဆုံးခဲ့ကြတာပါ။
ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်စတီယန်လီကော်နူးကတော့ ဒီရေနစ်သေဆုံးမှုတွေဟာ "ဝမ်းနည်းစရာ ကောင်းလွန်းတဲ့ ဘေးဒဏ်" ဖြစ်တယ်လို့ ဇွန် ၂၃ ရက်မှာ ပြောပါတယ်။
ဇွန် ၂၂ ရက်ကလည်း ပြင်သစ်နိုင်ငံတောင်ပိုင်း ကာပန်ထရက်စ်မြို့မှာ အသက် ၂ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးငယ် ၂ ယောက်ကို ကားထဲမှာထားခဲ့ချိန် အပူဒဏ်ကြောင့် သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။
အပူချိန်တွေ အလွန်အမင်း မြင့်တက်နေတာကြောင့် ကမ္ဘာကျော် အီဖယ်မျှော်စင်ကို အချိန်စော ပိတ်ခဲ့ရသလို အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြင်သစ်အပြင် စပိန်၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေမှာလည်း အပူလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပြီး အီတလီနိုင်ငံက မြို့ကြီး ၁၅ မြို့မှာ အမြင့်ဆုံး အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အခုလို အပူလှိုင်း ဖြတ်သန်းနေတာဟာ လေပူတွေက လေအေးစနစ် ၂ ခုကြားမှာ ပိတ်မိပြီး ဂရိအက္ခရာ အိုမီဂါ (Ω) ပုံသဏ္ဌာန် ဖြစ်ပေါ်နေတဲ့ "အိုမီဂါ ဘလော့ဂ် (Omega Block)" ဆိုတဲ့ မိုးလေဝသ ဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။
ရာသီဥတု ပြောင်းလဲမှုတွေကလည်း ဒီအခြေအနေကို ပိုပြီး ဆိုးရွားစေတယ်လို့ မိုးလေဝသ ပညာရှင်တွေက သုံးသပ်ထားပါတယ်။
အားကစားနဲ့ လူငယ်ရေးရာ ဝန်ကြီး မာရီနာဖာရာရီ ကလည်း "အပူလှိုင်း ဖြတ်နေချိန်မှာ လုံခြုံရေးအရ စောင့်ကြည့်မယ့်သူ မရှိတဲ့ နေရာတွေမှာ ရေဆင်းချိုးတာကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ဘူး" လို့ သတိပေးထားပါတယ်။










