DVB Logo
Home
မြန်မာသတင်း
PRF အဖွဲ့ဝင်များကို‌ စစ်အာဏာရှင်ဖမ်းဆီးသည့်သတင်း  အလိမ်အညာသာဖြစ်ဟု တုံ့ပြန်
DVB
·
September 30, 2026
Photo: PRF
Photo: PRF
Donate to DVB

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင် ၂,၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိပြီး ၂၁ ယောက်ကို ဖမ်းဆီးထားတယ်ဆိုတဲ့ စစ်အာဏာရှင်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ လက်တွေ့နဲ့ မကိုက်ညီတဲ့ လိမ်လည်စွပ်စွဲချက်သာ ဖြစ်တယ်လို့ PRF က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ PRF ဟာ စတင်တည်ထောင်ချိန်ကစပြီး ထောက်ပို့ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တစုံတရာ ကောက်ယူသိမ်းဆည်းခြင်းမရှိဘဲ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ဖို့ အမည်လွှဲနဲ့ အီးမေးလ်လိပ်စာသာ လိုအပ်တဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာဖော်ထုတ်ဖို့မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

စစ်အာဏာရှင်အစိုးရဟာ ပြီးခဲ့တဲ့လတွေက ဖမ်းဆီးခံခဲ့ရတဲ့ Wave Money Agent စာရင်းတွေနဲ့ ဖုန်းအချက်အလက်တွေကို စုစည်းကာ ချဲ့ကားထုတ်ပြန်ခြင်းသာ ဖြစ်တယ်လို့ PRF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ ငွေကြေးအချက်အလက်တွေကို စစ်အာဏာရှင်အစိုးရထံ ပေးအပ်ပူးပေါင်းဆောင်ရွက်နေတဲ့ Wave Money နဲ့ ရိုးမဘဏ်တို့ကို ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း ဖုန်းနဲ့ ငွေလွှဲမှတ်တမ်းတွေရဲ့ လုံခြုံရေးဆိုင်ရာကို သတိပြုဖို့ ပြည်ပရောက်မြန်မာတွေက ပိုမိုပံ့ပိုးမှုတွေ လုပ်ကြဖို့ PRF က တိုက်တွန်းထုတ်ပြန်ထားပါတယ်။ 

တော်လှန်ရေးထောက်ပံ့ရန်ပုံငွေ ထည့်ဝင်သူတွေထဲက ၂,၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ရရှိထားပြီး ၂၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်အာဏာရှင်က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

People's Revolution Supply Family-PRF Website (https://form.prfhq.modnug.org) ထောက်ပို့တပ်သား ဝက်ဘ်ဆိုက်ကနေ Wave Payı NUG Pay၊ SDB Bank၊ Crypto နဲ့ နိုင်ငံခြားငွေ Payment စနစ်တွေကတဆင့် ငွေကြေးကောက်ခံနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

PRF ဝက်ဘ်ဆိုက်ဆီကို WavePay နဲ့ ငွေကြေးထောက်ပံ့သူ အယောက် ၇၀၀ လောက်၊ NUG Pay နဲ့ ငွေကြေးထောက်ပံ့သူ အယောက် ၁,၀၀၀ လောက်၊ SDB ဘဏ်နဲ့ ငွေကြေးထောက်ပံ့သူ အယောက် ၁,၀၀၀ လောက်၊ စုစုပေါင်း ၂,၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ PRF Website ဆီကို ငွေကြေးထောက်ပံ့ပေးပို့သူတွေဖြစ်တဲ့ မိုးညှင်းမြို့နေ ကိုထက်သူအောင်၊ လားရှိုးမြို့နေ မမေရီဆန်စင်၊ ရွှေညောင်မြို့နေ မမျိုးမြမြတ်ထွန်းကြည် ပုသိမ်ကြီးမြို့နယ်နေ ကိုလှိုင်ဖုန်း၊ ပြင်ဦးလွင်မြို့နေ ကိုစန်းယုအောင်၊ ပျဉ်းမနားမြို့နယ်နေ မသဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်နေ ကိုသီဟ၊ လှည်းကူးမြို့နေ ကိုဇော်ကိုလတ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ ကိုရန်နိုင်အောင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ဦးမျိုးဇော်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးအောင်ဟိန်း၊ မင်္ဂလာဒုံမြို့နယ်နေ ကိုငြိမ်းဝင်းအောင်နဲ့ ဦးကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ မမြသီတာ၊ ကြည့်မြင်တိုင်မြို့နယ်နေ ဦးသက်နိုင်ထူး၊ ဆိပ်ကြီးခနောင်တို တိုက်နယ်နေ ဒေါ်ညွန့်ရီ၊ ပုသိမ်မြို့နေ ဒေါ်ကြူကြူဝင်း၊ ဒေးဒရဲမြို့နေ ဒေါ်သိန်းဇင်ထိုက်နဲ့ ဒေါ်ကြည်ကြည်စန်း၊ မအူပင်မြို့နေ ကိုအောင်ဇော်ထွေး၊ ကျောင်းကုန်းမြို့နေ မအေးအေးသင်း တို့ကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဖော်ထုတ်ဖမ်းဆီးရရှိတဲ့ WavePay အကောင့်တွေကိုလည်း ပိတ်သိမ်းပြီး ငွေတွေကို သိမ်းဆည်းမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်က ဖော်ပြထားတဲ့ PRF ဝက်ဘ်ဆိုက်လိပ်စာဟာ တရားဝင် PRF ဝက်ဘ်ဆိုက်လိပ်စာနဲ့ မတူညီတာကို တွေ့ရပြီး အခုလို ဖော်ထုတ်နိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးထောက်ခံသူတွေက ရေးသားနေကြပါတယ်။

စစ်အာဏာရှင်က ဖော်ထုတ်နိုင်တယ်လို့ ဆိုပေမဲ့ အခုဖမ်းဆီးထားသူတွေဟာ WavePay နဲ့ ပတ်သက်တယ်လို့ ဆိုတာကြောင့် ငွေလွှဲငွေထုတ်ဆိုင် ဖွင့်ထားသူတွေကို မတရားဖမ်းဆီးထားတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013