DVB Logo
Home
နိုင်ငံတကာ
ဟွာဟင်တွင် အမည်ခံနိုင်ငံခြား ကုမ္ပဏီ ၃၃ ခုက ဘတ်သန်း ၃၀၀ ခန့်တန်ဖိုးရှိ မြေဝယ်ထား 
DVB
·
August 12, 2026
Photo:  NationTV22
Photo: NationTV22
Donate to DVB

ထိုင်းနိုင်ငံမှာ၊ ထိုင်းနိုင်ငံသားအမည်ခံ မြေယာဝယ်ယူပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စစ် ဆေးနှိမ်နင်းနေတာမှာ ဩဂုတ် ၁၀ ရက်ကလည်း ပရကျူပ်ခီရီခန်ခရိုင် ဟွာဟင်မြို့နယ်ရှိ တန်ဖိုးကြီး ဇိမ်ခံအိမ်ရာတွေကို သွားရောက်စစ်ဆေးခဲ့ပြီး ဝရမ်းထုတ်ထားတဲ့  နိုင်ငံခြားသား ၁၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆမ်ရန်းနွန်းမား၊ ပရကျုပ်ခီရီခန်ခရိုင်ဝန်၊  မြေယာအိုးအိမ်ဦးစီးဌာန၊ စီးပွားရေးဆိုင်ရာ မြေယာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအင်အား ၂၀၀ ကျော်ဟာ မနေ့က ဟွာဟင်မြို့နယ်ရှိ Pool Villa တရားမဝင် ဇိမ်ခံအိမ်ရာတွေကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ 

ဒီမတိုင်ခင်က အဆိုပါအိမ်ရာတွေမှာ နိုင်ငံခြားသားတွေက ထိုင်းအမည်ခံနဲ့ မြေယာ အိမ်ရာတွေ ဝယ်ယူပိုင်ဆိုင်ထားကြောင်း ကြိုတင်စုံစမ်းသိရှိရပြီး နိုင်ငံခြားသား ၄၅ ယောက်၊ ထိုင်းနိုင်ငံသား ၃၉ ယောက်တို့ကို ဖမ်းဝရမ်းထုတ်ကာ နေရာပေါင်း ၁၅ နေရာကို ဝင်‌ရောက်စစ်ဆေးခဲ့ပါတယ်။ အ ဆိုပါနေရာကနေ ဖမ်းဝရမ်းထုတ်ထားတဲ့ နိုင်ငံခြားသား ၁၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ ဗြိတိန် ၃ ယောက်၊ တရုတ် ၄ ယောက်နဲ့ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဩစတြီးယား၊ ဖိလစ်ပိုင်၊ အမေရိကန်နိုင်ငံတို့မှ တယောက်ဆီ ပါဝင်ပါတယ်။ 

အဓိကပစ်မှတ်မှာ ဟွာဟင်မြို့နယ် ထပ်တိုက်ရပ်ကွက်ရှိ "A Hua Hin" လို့ခေါ်တဲ့ ခေတ်မီ လုံး ချင်းအိမ်ရာနဲ့ Pool Villa ရေကူးကန်ပါ ဇိမ်ခံအိမ်ရာစီမံကိန်းဖြစ်ပြီး အဲဒီအိမ်တွေဟာ တလုံးကို ဘတ် ၁၀ သန်းကနေ သန်း ၂၀ ထိ တန်ဖိုးရှိတယ်၊ နိုင်ငံခြားသားတွေဟာ အဲဒီအိမ်ခြံမြေ‌တွေ ပိုင် ဆိုင်ဖို့ ထိုင်းနိုင်ငံသားအမည်နဲ့ ကုမ္ပဏီ ၆ ခုဖွင့်ထားတာကို တွေ့ရှိတယ်၊ A Hua Hin Phase 1 စီမံကိန်းထဲမှာ Inter, Blue, Chro, Hamming စတဲ့ကုမ္ပဏီ ၄ ခု၊ A Hua Hin Phase 2 စီမံကိန်းမှာ L နဲ့  Chris ဆိုတဲ့ ကုမ္ပဏီ ၂ ခု ပါဝင်တယ်။

အမေရိကန်နိုင်ငံသားတယောက်ရဲ့ ပြောပြချက်အရ သူဟာ အဲဒီအိမ်မှာ ဇနီး ဖိလစ်ပိုင်သူနဲ့အတူ နေလာတာ  ၄ နှစ်ရှိပြီ။ ထိုင်းမှာအိမ်ခြံမြေ ဝယ်ယူလိုက ကုမ္ပဏီဖွင့်ရမယ်လို့  ရှေ့နေကုမ္ပဏီ၊ စာရင်းကိုင်ကုမ္ပဏီတွေက အကြံပေးတာကြောင့် ကုမ္ပဏီဖွင့်လိုက်တယ်၊ ကုမ္ပဏီအမည်ခံ ထိုင်းလူ မျိုးနဲ့တော့ မသိဘူးလို့ ပြောပါတယ်။

ထိုင်းဒုရဲချုပ်က အဆိုပါကုမ္ပဏီတွေကို စစ်ဆေးတော့ ဘာလုပ်ငန်းမှ မရှိဘူး၊ ကုမ္ပဏီလည်း အမည်ခံ၊ ပိုင်ရှင်ထိုင်းလည်း အမည်ခံပဲ။ ဥပဒေအရ ကုမ္ပဏီဖွင့်ရင် ထိုင်းနိုင်ငံသားက ရှယ်ယာ အများဆုံးပါရမယ်၊ ဒါပေမဲ့ အဲဒီကုမ္ပဏီတွေမှာ ရှယ်ယာကို နိုင်ငံခြားသားတွေက ၁၀၀ ရာခိုင် နှုန်းပိုင်နေတယ်၊ ကုမ္ပဏီရဲ့ ငွေစာရင်းဇယား၊ တယ်လီဖုန်း၊ ကွန်ပြူတာ၊ ပြည်တွင်းပြည်ပ ကွန်ရက် တွေ ဆက်ပြီးဆေးနေတယ်၊ နောက်ကျန်တဲ့ အိမ်အလုံး ၄၀ ကျော်လည်း ထပ်ပြီးစစ်ဆေးသွားမယ် လို့ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဒီ ၂၀၂၆ ခုနှစ်တွင်း နိုင်ငံခြားသားအမည်ခံ ကွန်ရက်နှိမ်နင်းမှုကို စူရတ်ဌာနီ၊ ဖန်င၊ ဖူးခက်၊ ကရပီ၊ ချွန်းပူးရီး၊ ချင်းမိုင် စတဲ့ ခရိုင် ၆ ခု ဆောင်ရွက်ခဲ့တာမှာ မြေဧကပေါင်း ၆၀ ‌ကျော်မှ  ဘတ်သန်းပေါင်း ၂,၅၃၉ သန်းတန်ဖိုးရှိ အဆောက်အအုံ ၂၃၃ ခုကို စစ်ဆေးခဲ့တယ်၊ အဲဒီကနေ တရားရုံးက ဖမ်းဝရမ်းစာ ၁၃၃ စောင်ထုတ်ပြန်ပေးပြီး  တရားစီရင်ပြစ်ဒဏ်ချပြီးတဲ့ အမှုပေါင်း ၂၀  ရှိတယ်လို့  ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

Source: Police TV/ Nation Online TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013