
မြောက်ကိုရီးယားဟာ ဩဂုတ် ၂၀ ရက်က ပင်လယ်ထဲကို ဒုံးကျည်တစင်း ပစ်ခတ်ခဲ့တယ်လို့ ဂျပန်အစိုးရနဲ့ ကမ်းခြေစောင့်တပ်တို့က ပြောပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ကတော့ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ အဲဒီပစ်ခတ်မှုဟာ ပင်လယ်ထဲကို ကျရောက်သွားပြီလို့ ပြောပါတယ်။ အဲဒီဒုံးကျည်ဟာ ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက် ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့ပုံရတယ်လို့ NHK က သတင်းဖော်ပြပါတယ်။
တောင်ကိုရီးယား မီဒီယာတွေကလည်း မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင်ဆီကို အမျိုးအစား မသိရသေးတဲ့ ပစ်ခတ်မှုတခု ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်ရှိ ပြုလုပ်နေတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်ရဲ့ ပါဝင်မှုကို သိသိသာသာ လျှော့ချဖို့ အမိန့်ပေးခဲ့ပြီးနောက် စစ်ရေးလေ့ကျင့်မှုကိုလည်း သောကြာနေ့မှာ အဆုံးသတ်ဖို့ သတ်မှတ်ထားချိန်မှာပဲ အခုလို ပစ်ခတ်မှု ထွက်ပေါ်လာတာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူကတော့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေတာကြောင့် မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ "ရန်လိုတဲ့ မူဝါဒ" ဟာ ပြောင်းလဲမသွားဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
Source: Reuters











