
ဂျာမနီနိုင်ငံ၊ လိုက်ပ်ဇစ်ဟာလီလေဆိပ်မှာ ဖောက်ခွဲရေးပစ္စည်းပါတဲ့ ဒရုန်းတစင်း တွေ့ခဲ့ရတာဟာ “အရမ်းစိုးရိမ်စရာကောင်းပြီး လုံခြုံရေးအရ အရမ်းကြီးမားတဲ့ ဖြစ်စဉ်တခုပဲ”လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါးဒိုဘရင့်ထ်က ဩဂုတ် ၅ ရက်မှာ ပြောပါတယ်။
လုံခြုံရေးဌာန အကြီးအကဲတွေနဲ့ အရေးပေါ်အစည်းအဝေးအပြီးဝန်ကြီးက သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ “ဒါဟာ အပျော်တမ်းလုပ်ထားတာ မဟုတ်ဘူး။ နည်းပညာနဲ့ ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်တဲ့သူတွေ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားတာဖြစ်လို့ မိမိတို့အနေနဲ့ အဆင့်မြင့် ပေါင်းစပ်ခြိမ်းခြောက်မှုတခုအဖြစ် သတ်မှတ်ပြီး ဆက်လက်ကိုင်တွယ်ရမယ်” လို့ ပြောသွားပါတယ်။
ဒရုန်းမှာ ဖောက်ခွဲရေးပစ္စည်း ပါနေတာကြောင့် စုံစမ်းစစ်ဆေးမှုကို အစွန်းရောက်မှုဆိုင်ရာ အစိုးရရှေ့နေရုံး (ZESA) နဲ့ ပြည်နယ် အကြမ်းဖက်မှုနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ဆီ လွှဲပေးလိုက်ပါတယ်။
လက်ရှိမှာတော့ ဒရုန်းရဲ့ မူလအစနဲ့ ပတ်သက်ပြီး သေချာစုံစမ်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အင်္ဂါနေ့ည သန်းခေါင်ယံမတိုင်မီက ဥရောပရဲ့ အဓိက ကုန်စည်ပို့ဆောင်ရေး ဗဟိုချက်တခုဖြစ်တဲ့ ဒီလေဆိပ်ရှိ ယူကရိန်း အန်တိုနော့ဗ်လေကြောင်း ကုန်တင်လေယာဉ်နားမှာ ဖောက်ခွဲရေးပစ္စည်း တပ်ထားတဲ့ ဒရုန်းကို တွေ့ခဲ့တာပါ။ ဖောက်ခွဲရေး စက်ခလုတ်ကိုတော့ ကျွမ်းကျင်သူတွေက အောင်မြင်စွာ ဖြုတ်သိမ်းနိုင်ခဲ့ပါတယ်။
ဒရုန်းကြောင့် လေကြောင်းလိုင်းတွေကို လမ်းကြောင်းပြောင်းခိုင်းရတာမှာ DHL ကုန်တင်လေယာဉ်တစင်းဟာ အမည်မသိ ပစ္စည်းတခုနဲ့ တိုက်မိခဲ့ပါတယ်။
ဒါကြောင့် ဟန်နိုဗာ လေဆိပ်ကို အရေးပေါ်ဆင်းခဲ့ရပြီး လေယာဉ်ခေါင်းပိုင်း အနည်းငယ် ပျက်စီးသွားခဲ့ပါတယ်။
တောင်ဘက်ပြေးလမ်းကို ခေတ္တပိတ်ပြီး စစ်ဆေးခဲ့ပေမဲ့ မနက်ပိုင်းမှာတော့ ပုံမှန်အတိုင်း ပြန်ဖွင့်ပေးနိုင်ခဲ့ပါတယ်။
DHL စီအီးအိုကလည်း ဒီလိုဖြစ်စဉ်တွေအတွက် အရေးပေါ်အစီအစဉ်ရှိလို့ သုံးစွဲသူတွေအပေါ် သက်ရောက်မှုနည်းအောင် လုပ်နေတယ်လို့ ဆိုပါတယ်။
ဂျာမနီလေဆိပ်တွေ၊ စစ်စခန်းတွေ၊ စွမ်းအင်ဂိတ်တွေ၊ ဆိပ်ကမ်းတွေမှာ ခွင့်ပြုချက်မရှိဘဲ ဒရုန်းပျံသန်းမှုတွေ မကြာခဏဖြစ်နေလို့ ဂျာမနီမှာ လုံခြုံရေး သတိပေးချက် အမြင့်ဆုံး ထုတ်ထားရပါတယ်။
ဖက်ဒရယ်ရဲတပ်ဖွဲ့ကတော့ ဒါဟာ ရုရှားအေးဂျင့်တွေရဲ့ နောက်ကွယ်က ကြိုးကိုင်မှု ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း လိုက်ပ်ဇစ်ဂ်ရှိ DHL ဂိုဒေါင် အပါအဝင် ဥရောပတခွင်ကို ပေးပို့တဲ့ ပစ္စည်းချောထုပ်တွေထဲမှာ မီးလောင်စေတဲ့ ပစ္စည်းတွေ ဝှက်ထည့်ပြီး နှောင့်ယှက်ဖျက်ဆီးခဲ့တဲ့ သမိုင်းရှိပါတယ်။
ရုရှားဘက်ကတော့ ဒါတွေကို ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။
Source: Reuters











