
ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်လေဆိပ်မှာ ဘိုးရင်း ၇၈၇ လေယာဉ် ရှေ့ဘီးကျိုးခဲ့လို့ လေယာဉ်ဝန်ထမ်းတွေ ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လူဟတ်ဇာ လေကြောင်းကုမ္ပဏီရဲ့ လေယာဉ်ဟာ ခရီးသည်တွေ မတက်ရသေးမီ ဘီးကျိုးကျခဲ့တာလို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူရဲ့ အီမေးလ်ကြေညာချက်မှာ ဖော်ပြပါတယ်။
လေယာဉ်ဝန်ထမ်းတွေနဲ့ မြေပြင်ဝန်ထမ်းတွေ လေယာဉ်ပေါ်မှာ ရောက်နေချိန်မှာ ဖြစ်ပွားခဲ့တာလို့ ဘလွန်းဘတ်သတင်းဌာနက အရင်ဆုံး ထုတ်ပြန်ခဲ့တာပါ။
ဝန်ထမ်းအများအပြား ဒဏ်ရာရခဲ့တာကြောင့် လက်ရှိအချိန်မှာ ဆေးကုသမှု ခံယူနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ ခရီးသည်တွေ လေယာဉ်ထဲကို တိုက်ရိုက်ဝင်ရောက်တဲ့ လေယာဉ်စင်္ကြံနဲ့ ချိတ်ဆက်ချိန်မှာ ရှေ့ဘီးက ကျိုးကျခဲ့တာ တွေ့ရပါတယ်။
အဲဒီလေယာဉ်ဟာ ဂျာမနီကနေ အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်ကို ထွက်ခွာမဲ့လေယာဉ်ဖြစ်ပြီး ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။
လေယာဉ်ရှေ့ဘီး ကျိုးကျမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ စုံစမ်းမှုတွေ ပြုလုပ်မယ်လို့ လေယာဉ်ကုမ္ပဏီက ပြောပါတယ်။
Source: Reuters










