
အလွန်ဆိုးရွားတဲ့ရာသီဥတုက ဗြိတိန်နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေးကို ဖိအားပေးနေတယ်လို့ ဗြိတိန်လယ်သမားတွေက သတိပေးခဲ့ပါတယ်။
ရေကြီးရေလျှံမှုပြင်းထန်တဲ့ ဆောင်းရာသီအပြီးမှာ မိုးခေါင်မှုနဲ့ အပူလွန်ကဲမှုတွေက ဗြိတိန်တဝန်းမှာရှိတဲ့ သီးနှံတွေကို ထိခိုက်ခဲ့တာပါ။
ကင်းဘရစ်ချ်ရှိုင်းယားမှာရှိတဲ့ ဧက ၂၀၀ မှာ လယ်ယာစိုက်ပျိုးပြီး ဒေသထွက်ကုန်တွေကိုရောင်းတဲ့ လယ်ယာဆိုင်နဲ့ ကော်ဖီဆိုင်ဖွင့်ထားတဲ့ ဂျွန် ဖရန်ကလင်က ပိုခန့်မှန်းရခက်တဲ့ ရာသီဥတုက လယ်ယာ စိုက်ပျိုးရေးကို ပိုခက်ခဲစေတယ် လို့ ပြောပါတယ်။
“ဒီ သမပိုင်းရာသီဥတုမှာ အပူချိန် ၃၀ ဒီဂရီကျော်တဲ့အခါတိုင်း ကျနော်တို့ရဲ့ သီးနှံတွေဟာ အမှန်တကယ်ပဲ ညှိုးနွမ်းပြီး ရင့်မှည့်မယ့်အစား သေသွားပါတယ်။ မြက်ခင်းတွေလည်း အတူတူပါပဲ" လို့ သူက ပြောပါတယ်။
ပုံမှန်မဟုတ်တဲ့ ခြောက်သွေ့သောရာသီဥတုကြောင့် သိုးတွေ ပုံမှန်ကျက်စားလေ့ရှိတဲ့ မြက်ခင်းတွေ သေဆုံးခဲ့ရပြီး ဆောင်းရာသီအတွက် သိုလှောင်ထားတဲ့ အစာကို သိုးတွေက စားသုံးနေရပါတယ်။
အခုနှစ် မိုးခေါင်မှုနဲ့ အလွန်အမင်းပူပြင်းမှုဟာ ဗြိတိန်ရဲ့ သီးနှံအထွက်နှုန်းကို တန်ချိန် ၂.၅ သန်းအထိ လျော့ကျစေနိုင်ပြီး လယ်သမားတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၅၂၀ လောက် ဆုံးရှုံးစေ နိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။
၁၉၈၄ ခုနှစ်မှာ အသေးစိတ်မှတ်တမ်းတွေ စခဲ့ပြီးတဲ့ နောက်ပိုင်း ဗြိတိန်ရဲ့ အဆိုးရွားဆုံး ကောက်ပဲ သီးနှံ အထွက်နှုံးလည်း ဖြစ်လာနိုင်တယ်လို့ ခွဲခြမ်းစိတ်ဖြာမှုတွေက ကောက်ချက်ချထားပါတယ်။
ဗြိတိန်ဟာ သူတို့စားတဲ့ အစားအစာရဲ့ ၅၈ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပြီး ကျန် ၄၂ ရာခိုင်နှုန်းကို တင်သွင်းပါတယ်။










