
အစ္စရေးဟာ အရပ်သားတွေကို သတ်ဖြတ်တာ၊ ရွာသားတွေကို နေရပ်ကနေ မောင်းထုတ်တာတွေ လုပ်ပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေတယ်လို့ ဟစ်ဇဘိုလာခေါင်းဆောင် နာအီးမ်ကက်ဆမ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး အစ္စရေးရဲ့ "မဟာအစ္စရေးနိုင်ငံတော်" တည်ထောင်ရေး ရည်မှန်းချက်ကိုလည်း တော်လှန်ရေးအင်အားစုတွေက ခွင့်ပြုမှာမဟုတ်ဘူးလို့ လည်း သတိပေးလိုက်ပါတယ်။
၂၀၂၄ နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရထားပေမဲ့ အစ္စရေးဟာ အရပ်သား တွေ၊ မြို့ရွာတွေနဲ့ အခြေခံအဆောက်အအုံတွေကို ထပ်ခါတလဲလဲ ပစ်မှတ်ထားနေတယ်လို့ သူက စွပ်စွဲပါတယ်။
လက်ရှိမှာ လက်ဘနွန်ဟာ အစ္စရေးနဲ့ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ကျူးကျော်မှု တွေကို ဆက်လက် ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
အစ္စရေးဟာ အပစ်ရပ်သဘောတူညီချက်ကို အကြိမ်ပေါင်း ထောင်နဲ့ချီ ချိုးဖောက်ခဲ့ပြီး၊ အရပ်သား ရာနဲ့ချီ သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို အိမ်ခြေတွေ ပျက်စီးပြီး ရွာသားတွေလည်း နေရပ် စွန့်ခွာခဲ့ရတယ်လို့ ကက်ဆမ်က ပြောကြားပါတယ်။
လက်ဘနွန်ဟာ တိုက်ခိုက်ခံနေရတဲ့ ဘက်ဖြစ်တာကြောင့် လုံခြုံရေးနဲ့ အချုပ်အခြာအာဏာအတွက် အာမခံချက်တွေ လိုအပ်တယ်လို့ သူက အလေးအနက်ပြောပါတယ်။
အစ္စရေးမြောက်ပိုင်းက အခြေချနေထိုင်သူတွေကို ကာကွယ်ဖို့ အခုလိုလုပ်တာ ဆိုတဲ့ အစ္စရေးရဲ့ အကြောင်းပြချက်တွေကိုလည်း သူက ပယ်ချခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိအခြေအနေအရ စစ်ဗျူဟာတွေကို ပြောင်းလဲထားပြီး အစ္စရေးတပ်ဖွဲ့တွေကို အထိနာစေဖို့နဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အခြေမချနိုင်အောင် နယ်မြေအနှံ့မှာ လိုက်လျောညီထွေရှိတဲ့ ပြောင်းလွယ်ပြင်လွယ် တိုက်ခိုက်ရေးနည်းလမ်းတွေကို အသုံးပြုနေတယ်လို့ ကက်ဆမ်က ပြောပါတယ်။
အစ္စရေးက သတ်မှတ်ချင်တဲ့ "ကြားခံနယ်မြေဇုန်" ဆိုတာ ရှိလာမှာမဟုတ်သလို၊ တော်လှန်ရေးသမားတွေဟာ လက်ဘနွန်တဝန်း လိုအပ်သလို ဆက်လက် လှုပ်ရှားသွားမယ်လို့လည်း ဆိုပါတယ်။
ကက်ဆမ်က လက်ဘနွန် နိုင်ငံရေးအင်အားစုတွေနဲ့ တာဝန်ရှိသူတွေကို အမျိုးသားညီညွတ်ရေး တည်ဆောက်ဖို့၊ ပြည်တွင်းစည်းလုံးမှုကို ခိုင်မာအောင်လုပ်ဖို့၊ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့နဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကို ရင်ဆိုင်ရာမှာ ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂါဇာစစ်ပွဲကြောင့်ဖြစ်ပွားခဲ့တဲ့ တနှစ်ကြာ ပဋိပက္ခအပြီး ၂၀၂၄ မှာ ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်အရ လက်ဘနွန်တပ်မတော်ဟာ ဟစ်ဇဘိုလာရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်သိမ်းပြီး ခွင့်ပြုချက် မရှိတဲ့ လက်နက်တွေကို သိမ်းဆည်းဖို့ တာဝန်ရှိပါတယ်။
၂၀၂၅ နှောင်းပိုင်းမှာတော့ လက်ဘနွန်အစိုးရဟာ လက်နက်ကိုင်ဆောင်ခွင့်ကို နိုင်ငံတော်ကပဲ အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အဆင့် ၅ ဆင့်ပါတဲ့ လမ်းပြမြေပုံကို အတည်ပြုခဲ့ပါတယ်။
အစ္စရေးက လက်ဘနွန်မြေကို သိမ်းပိုက်ထားသရွေ့ လက်နက်တွေကို လုံးဝဖျက်သိမ်းမှာ မဟုတ်ဘူး လို့ ဟစ်ဇ်ဘိုလာခေါင်းဆောင်တွေက အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။
Source:Reuters











