DVB Logo
Home
နိုင်ငံတကာ
အာဆီယံ+၃ အရေးပေါ် ငွေကြေးထောက်ပံ့မှုယန္တရား အရှိန်မြှင့်မည်
DVB
·
May 6, 2026
Photo: NHK
Photo: NHK
Donate to DVB

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပါဝင်တဲ့ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးမှာ ပြင်ပက ရိုက်ခတ်မှုတွေ ကြုံလာရတဲ့အခါ အရေးပေါ် ရန်ပုံငွေ အမြန်ဆုံးရယူနိုင်ဖို့အတွက် အရေးပေါ် ငွေကြေးထောက်ပံ့မှု အစီအစဉ်သစ်တခုကို အရှိန်မြှင့် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ The Nation Thailand သတင်းမှာ မေ ၄ ရက်က ဖော်ပြပါတယ်။

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြို့မှာ ပြီးခဲ့တဲ့ မေ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ၂၉ ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးမှာ မူဝါဒချမှတ်သူတွေဟာ ဒေသတွင်း ခံနိုင်ရည်အား ပိုကောင်းအောင် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူခဲ့ကြတာပါ။

ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ရိုက်ခတ်မှုတွေကို အဖွဲ့ဝင်နိုင်ငံတွေက လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အရေးပေါ် ငွေကြေးထောက်ပံ့မှုယန္တရားကို အခုလို အရှိန်မြှင့်တင်ခြင်းအားဖြင့် ဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ ကာကွယ်ရေးစနစ်ကို ခိုင်မာအောင် လုပ်ဆောင်ဖို့ အာဆီယံ+၃ နိုင်ငံတွေက ကြိုးပမ်းနေကြတာလို့ ဆိုပါတယ်။

လတ်တလော အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု ပြဿနာတွေအပြင် အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ ပါဝင်နေတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေနံစျေးနှုန်း ဖိအားတွေကြောင့် ကမ္ဘာ့စီးပွားရေးဟာ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို အရှိန်မြှင့် လုပ်ဆောင်လာတာ ဖြစ်သလို ဒီမသေချာမှုတွေကြောင့် နိုင်ငံအများအပြားဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကနေ ခွဲထွက်ပြီး စီးပွားရေးအန္တရာယ်တွေကို လျှော့ချဖို့ ကြိုးစားနေကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။

အဓိက ဆွေးနွေးခဲ့တဲ့ အချက်ကတော့ ချင်းမိုင်အစီအစဉ် (CMIM) အောက်မှာရှိတဲ့ အမြန်ငွေကြေးထောက်ပံ့မှုစနစ် (RFF) ကို စတင်အသက်ဝင်ဖို့ ပံ့ပိုးပေးရေးဖြစ်ပြီး ဒီယန္တရားဟာ မမျှော်လင့်ထားတဲ့ ပြင်ပရိုက်ခတ်မှုတွေကြောင့် ငွေပေးချေမှုမှာ အခက်အခဲကြုံလာရတဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက် အရေးပေါ် ရန်ပုံငွေတွေကို အချိန်မီရယူနိုင်အောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်တာပါ။

ဒီလို လုပ်ဆောင်ရခြင်းဟာ စွမ်းအင်ဈေးနှုန်း၊ ကုန်စည်ဈေးကွက်နဲ့ ဒေသတွင်း ငွေကြေး လဲလှယ်နှုန်းတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မတည်ငြိမ်မှုတွေ ပြင်းထန်နေချိန်မှာ ပေါ် ထွက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် အစည်းအဝေးမှာ တခြားဆက်စပ်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း အတည်ပြုခဲ့ကြသလို ပထမတချက်ကတော့ CMIM ရဲ့ ရန်ပုံငွေ ထည့်ဝင်ပုံစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

CMIM ကို အဖွဲ့ဝင်နိုင်ငံတွေက ကြိုတင်ထည့်ဝင်ထားတဲ့ အရင်းအနှီး ပုံစံမျိုးဆီ ပြောင်းလဲဖို့ လမ်းပြမြေပုံကို အတည်ပြုခဲ့ကြပြီး ဒါဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ဘေးကင်းလုံခြုံရေးကို ပိုပြီးခိုင်မာ ထိရောက်စေမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အချိန်ကာလ ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အာဆီယံ+၃ မက်ခရိုစီးပွားရေး သုတေသနရုံး (AMRO) ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ဘေးအန္တရာယ်တွေကို ပိုမိုစောင့်ကြည့်နိုင်ဖို့နဲ့ ပိုမိုတိကျတဲ့ မူဝါဒအကြံပြုချက်တွေ ပေးနိုင်ဖို့အတွက် “Strategic Direction 2030” အစီအစဉ်ကို ထောက်ခံခဲ့ကြသလို ဒေသတွင်း ငွေတိုက်စာချုပ်ဈေးကွက်တွေ အဆင့်မြှင့်တင်ဖို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘဏ္ဍာရေးနဲ့ အာမခံစနစ်၊ ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဆိုင်ရာ တီထွင်ဆန်းသစ်မှု စတဲ့ အခြေအနေတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့ ဒုတိယဝန်ကြီး ဂျိုဗန်ဇက်ဘာလ်ဘိုဆာက မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာတော့ အာရှ၊ အထူးသဖြင့် အာဆီယံနဲ့ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေဟာ လူဦးရေအခြေခံများပြားပြီး ဈေးကွက်အလားအလာ ကောင်းမွန်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စီးပွားရေးစွမ်းဆောင်ရည်၊ နည်းပညာ အသုံးပြုမှုနဲ့ ထုတ်လုပ်မှုစွမ်းအားတွေ တိုးတက်စေဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်သင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဒေသတွင်း ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ် တိုးတက်လာဖို့ဟာ အလွန်အရေးကြီးကြောင်း၊ ဒါဟာ လုပ်ငန်းရှင်ငယ်လေးတွေနဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) တွေအနေနဲ့ နိုင်ငံဖြတ်ကျော် ငွေပေးချေမှုတွေကို ပိုပြီးလွယ်ကူ လျင်မြန်စွာ လုပ်ဆောင်နိုင်စေမှာ ဖြစ်သလို ဒစ်ဂျစ်တယ်ခေတ်မှာ သူတို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးမယ်လို့လည်း ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကတော့ အခုနှစ်မှာ ရယူရမယ့် အလှည့်ကျ ဥက္ကဋ္ဌရာထူးနေရာကို လက်လွှတ်ဆုံးရှုံးထားရသလို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ကိုလည်း ဖယ်ကြဉ်ခံထားရတာ ဖြစ်ပါတယ်။

အခု အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကိုတော့ စစ်အာဏာရှင်လက်ဝေခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အွန်လိုင်းကတဆင့် တက်ရောက်တယ်လို့ ဝါဒဖြန့်ထားခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တဖက်သတ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအလွန် သမ္မတအဖြစ် ကျမ်းကျိန်အပြီးမှာ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013