DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကျောင်းသားများကို ကျူရှင်တက်ရန် ဖိအားပေးနေ
DVB
·
June 3, 2026
Photo: DVB
Photo: DVB
Donate to DVB

၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းစဖွင့်ချိန် ရန်ကုန်က စာသင်ကျောင်းတွေမှာ အတန်းပိုင်ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို ကျူရှင်တက်ဖို့ ဖိအားပေး ပြောဆိုနေတာကြောင့် ကျောင်းသားတွေနဲ့ မိဘတွေ အခက်ကြုံနေရပါတယ်။

စစ်အာဏာရှင်တပ်က ဖွင့်လှစ်ထားတဲ့ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်) မှာ ကျောင်းသား၊ ကျောင်းသူတွေကို အတန်းပိုင်ဆရာမတွေက ကျူရှင်တက်ဖို့ ဖိအားပေး ပြောဆိုနေတာလို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။

“ကျောင်းဖွင့်တာတောင် ၂ ရက်မပြည့်သေးဘူး၊ ၉ တန်းနဲ့ ၁၀ တန်းက ကလေးတွေကို အတန်းပိုင် ဆရာမတွေက ကျူရှင်တက်ဖို့ ပြောနေတယ်။ ပြင်ပကျူရှင်တက်တာကိုလည်း လက်မခံဘူးလို့ ပြောတယ်။ ၉ တန်းဆို ၅ သောင်း၊ ၁၀ တန်းဆို ၆ သောင်း၊ ကျောင်းသားတယောက်တည်း ရှိတဲ့အိမ်က ပြဿနာမရှိပေမဲ့ ကျောင်းသားဦးရေများတဲ့ အိမ်ကျတော့ အခက်အခဲဖြစ်ရော။”

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာလည်း အတန်းပိုင် ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို ကျူရှင်တက်ဖို့ ပြောဆိုတာတွေ ရှိတယ်လို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။

“ကျောင်းတက်ပြီး ၃ လလောက်နေမှ ဒါမှမဟုတ် နှစ်ဝက်လောက်ရောက်မှ စာမလိုက်နိုင်လို့ ကလေးတွေကို ကျူရှင်တက်ခိုင်းရင်တော့ တမျိုးပေါ့၊ အခုက ကျောင်းတောင် မတက်ရသေးဘူး၊ ကျူရှင်တက်ဖို့ ပြောတာကျတော့ အဆင်မပြေဘူး။”

ဆရာမတွေအနေနဲ့ သူတို့ဆီမှာ ကျူရှင်မတက်ပါက ကလေးတွေကို ခွဲခြားဆက်ဆံပြီး ကျူရှင်မတက်တဲ့ ကလေးတွေဟာ အခန်းအတွင်း အစစအရာရာ မျက်နှာငယ်ရတယ်လို့ အရှေ့ဒဂုံမြို့နယ်နေ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။

“အရှေ့ဒဂုံ အထက ၅ မှာလည်း ဆရာမတွေက သူတို့ဆီမှာ ကျူရှင်တက်ဖို့ ပြောတယ်။ သူတို့ဆီမှာ ကျူရှင်မတက်တဲ့ ကလေးက ပင်ကိုအရည်အချင်းကြောင့် တော်နေရင် ပြင်ပမှာ ကျူရှင်တက်တယ်ဆိုပြီး အဲဒီကလေးကို ဖိနှိပ်တယ်၊ စာသင်ခန်းထဲမှာ ခွဲခြားဆက်ဆံခံရတယ်၊ တချို့ဆရာမတွေဆို စာကို ကျောင်းမှာ အပြည့်မသင်ဘဲ ကျူရှင်ရောက်မှ သင်တာရှိတယ်။”

ရန်ကုန်ရှိ အခြေခံပညာအထက်တန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကျူရှင်မသင်တဲ့ ဆရာမတွေ မရှိသလောက် ရှားတယ်လို့လည်း ဝေဖန်ပြောဆိုပါတယ်။

လစာငွေမလုံလောက်မှုကြောင့် ဆရာ၊ ဆရာမတွေ ကျူရှင်သင်တာကို အပြစ်မပြောလိုပေမဲ့ ကျောင်းသားတယောက်ကို မဖြစ်မနေ မိမိဆီမှာ ကျူရှင်တက်ရမယ်ဆိုတဲ့ ပြောဆိုမှုဟာ အာဏာရှင်ပုံစံ ဖြစ်နေတယ်လို့ အငြိမ်းစားပညာရေးဝန်ထမ်းတယောက်က ထောက်ပြ ပြောဆိုပါတယ်။

“ဆရာမတယောက် လစာက သုံးသိန်းလောက်ပဲရတာ၊ လက်ရှိကုန်ဈေးနှုန်းနဲ့ မလောက်ဘူး၊ ကျူရှင်သင်တယ်၊ လက်ခံတယ်၊ ဒါပေမဲ့ ကျောင်းသားတွေကို မတက်မနေရပုံစံမျိုး အမိန့်ထုတ်တာကျတော့ လူကြားလို့မကောင်းဘူး၊ တကယ်တော်တဲ့ကလေး ချို့တဲ့ တဲ့ ကလေးဆို စာမလိုက်နိုင်ရင် ကိုယ်ကတောင် ပံ့ပိုးပေးရမှာ၊ အခမဲ့သင်ပေးရမှာ။”

အာဏာရှင်စစ်တပ် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမတွေ ပြင်ပမှာ ကျူရှင်သင်တာကို တားမြစ်ထားပြီး အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013