
အမေရိကန်မှာ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အရင်ကြိုးပမ်းမှု ကို တရားရုံးချုပ်က ပယ်ချပြီး တလကျော်အကြာ ဩဂုတ် ၆ ရက်မှာ သမ္မတအမိန့် ၂ ရပ် ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။
ပထမအမိန့်မှာ မွေးရာပါနိုင်ငံသားဖြစ်ခွင့် မရနိုင်သူတွေရဲ့ သတ်မှတ်ချက်ကို ပိုမိုတိုးချဲ့ထားပါတယ်။ မိဘ ၂ ယောက်စလုံး အမေရိကန်နိုင်ငံသား မဟုတ်ဘဲ မိဘတယောက်ဟာ ပြည်ပ အကြမ်းဖက် အဖွဲ့ဝင် ဒါမှမဟုတ် နိုင်ငံခြားအစိုးရဝန်ထမ်းစသဖြင့်ဖြစ်နေရင် မွေးလာတဲ့ကလေးကို အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ထားပါတယ်။
ဒုတိယအမိန့်ကတော့ ကလေးကို အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရအောင် ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ အမေရိကန်ဆီ လာရောက်မီးဖွားတဲ့ “birth tourism” ကို တားမြစ်လိုက်တာပါ။
ဒါဟာ အမေရိကန်ရဲ့ ရက်ရောမှုကို အခွင့်ကောင်းယူတာဖြစ်ပြီး ဒီကိစ္စကို အရင်ကတည်းက တားမြစ်ခဲ့သင့်တယ်လို့ သမ္မတ ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက်အရ အမေရိကန်မြေပေါ်မှာ မွေးဖွားသူအများစုဟာ မွေးရာပါနိုင်ငံသားဖြစ်ခွင့် ရရှိထားပါတယ်။
ထရမ့်ပ်က ၂၀၂၅ ခုနှစ်မှာ ဒီအခွင့်အရေးကို အဆုံးသတ်ဖို့ သမ္မတအမိန့်ထုတ်ခဲ့ပေမဲ့ တရားရုံးချုပ်က ပြီးခဲ့တဲ့ ဇွန်လမှာ ပယ်ချခဲ့ပါတယ်။
တရားရုံးချုပ်ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ ဆိုးရွားပြီး မတရားတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထရမ့်ပ်က ဝေဖန်ထားပါတယ်။
အခုထုတ်လိုက်တဲ့ အမိန့်တချို့ အတည်ဖြစ်နိုင်ပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ မေးခွန်း ထုတ်စရာတွေ ရှိနေတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြထားပါတယ်။
Source:Reuters










