
တရားမဝင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရ ဖွဲ့စည်းပြီးရင် ပဋိပက္ခဒေသတွေပါမကျန် တပြေးညီ ပညာရေးမြှင့်တင်မယ်လို့ စာသင်ကျောင်းပေါင်း ၅၀၀ နီးပါး ဖျက်ဆီးပစ်ခဲ့တဲ့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ တရားမဝင်ရွေးကောက်ပွဲတွေ ကျင်းပခဲ့အပြီး ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၄၇၄ ကျောင်း ပျက်စီးခဲ့ရပြီး အသက် ၁၈ နှစ်အောက် ကလေး ၇၂၅ ယောက် သေဆုံးခဲ့ရကာ ၁,၀၄၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အာဏာသိမ်း ၅ နှစ်တာမှာ စာသင်ကျောင်းပေါင်း ၅၀၀ နီးပါးကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်က နှစ်ပေါင်းများစွာ နိမ့်ကျနေခဲ့တဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ပြီး လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နယ်စပ်ဒေသတွေပါမကျန် တပြေးညီ ပညာရေးမြှင့်တင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဧပြီ ၁၀ ရက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုအပြီး သမ္မတမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က “ကျောင်းသားကျောင်းသူများ၊ လူငယ်များမှာ နိုင်ငံတကာအဆင့်မီ ပညာရေးကို ရရှိဖို့နဲ့ ပြည်သူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူ ရရှိစေဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်စပ်ဒေသတွေ အပါအဝင် တချို့ဒေသတွေမှာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးခဲ့ရပြီး ပညာရေး နိမ့်ပါးခဲ့ကြရပါတယ်။ အခုလည်း အချို့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးတွေရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍကို နေရာဒေသကွာခြားမှုမရှိ တပြေးညီ မြှင့်တင်နိုင်ဖို့အတွက် အထူးအလေးပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အနာဂတ် နိုင်ငံတော်ရဲ့ တာဝန်တွေကို ပုခုံးပြောင်း ထမ်းဆောင်ကြရမဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မဲ့ အတတ်ပညာရှင်၊ အသိပညာရှင်များ ဖြစ်ဖို့နဲ့ ဗလငါးတန်ပြည့်ဝဖို့အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဖြစ်တဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုက ၈,၄၁၀ ကြိမ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုက ၁,၅၂၇ ကြိမ်၊ စက်တပ်လေထီး ပါရာမော်တာနဲ့ ၉၆၅ ကြိမ်နဲ့ ဂျိုင်ရိုကော်ပတာနဲ့ ၄၅၃ ကြိမ်တို့နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းပေါင်း ၅၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် စုစုပေါင်း ၅,၂၀၅ ကြိမ်မှာ စစ်ကိုင်းတိုင်း တခုတည်းမှာတင် ၂,၄၀၆ ကြိမ်နဲ့ အများဆုံးလည်း ဖြစ်ပါတယ်။
CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက “တပြေးညီဆိုရင် ဒီဘက်က တော်လှန်ရေးနယ်မြေက စာသင်ကျောင်းတွေကို ဗုံးကြဲတယ်။ အပြစ်မဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ် ဆိုတော့ သူတို့ဘက်မှာရော အဲ့လိုလုပ်မှာလားလို့ မေးခွန်းမေးချင်တယ်ပေါ့နော်။ သူတို့ ဒီစကားမှာ ပြောတာတွေက ကမ္ဘာသိပြောတာကြောင့်မို့လို့ ဘယ်လောက်တောင် မဟုတ်မမှန် မုသားတွေနဲ့သုံးပြီး ပြောနေသလဲ ဆိုတာကို ထောက်ဆလို့ရတယ်။ ဘယ်လောက်တောင်မှ အရှက်တရား ကင်းမဲ့သလဲ ဆိုတာကိုလည်း ကျမတို့ သိလို့ရတယ်။ အဲတော့ ကျမတို့က ပြောင်းပြန်မှတ်ယူပြီးတော့ ရှေ့လျှောက် ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီးတော့ ပိုလို့ သတိထားမယ်၊ ပိုလို့ဆင်ခြင်မယ်လို့၊ အဲဒီ စစ်ခေါင်းဆောင်ပေါ့ သမ္မတရူးရဲ့ စကားကို ပြန်လည်တုံ့ပြန်ချင်ပါတယ်ရှင်” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် မိန့်ခွန်းထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက် ၄၃ ချက်ကို ပြင်ဆင်ဖို့၊ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးသဘောတူထားတဲ့ အချက်တွေကို လွှတ်တော်မှာ တင်သွင်းဆွေးနွေးဖို့၊ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်ရအောင် လုပ်ဆောင်သွားဖို့နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးသွားမယ် ဆိုတဲ့အကြောင်းတွေ ထည့်သွင်း ပြောခဲ့ပါသေးတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့အတူ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေး တို့ကလည်း ဒု-သမ္မတ တွေအဖြစ် လွှတ်တော် နာယကရှေ့မှောက်မှာ ကတိသစ္စာပြုခဲ့ကြပါတယ်။
ဝေဝေ










