
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်မှာ သူငယ်ချင်းရဲ့ အမေကို သတ်ပြီး ရွှေထည်ပစ္စည်းတွေ လုသွားတဲ့လူငယ်တယောက်ကို စက်တင်ဘာ ၁ ရက်က စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
သြဂုတ် ၂၈ ရက် ညနေ ၅ နာရီခွဲ က ဆရာစံတောင်ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်းနဲ့ ဓမ္မပါလလမ်းထောင့် တိုက်အမှတ် ၄၅ ပထမထပ်မှာ နေထိုင်တဲ့ ဒေါ်ခင်မိုးကြည်ကို သတ်ပြီး ရွှေထည်ပစ္စည်းတွေ လုသွားတဲ့ ဉာဏ်စိုးကို ဖမ်းမိတာလို့ အဆိုပါရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“လုသွားတဲ့ကောင်လေးက အသတ်ခံရတဲ့ အန်တီကြီးရဲ့သားနဲ့ သူငယ်ချင်းတွေ အိမ်ကို မကြာခဏ အဝင်အထွက်ရှိတယ်။ လုယက်မှုဖြစ်တဲ့နေ့က အိမ်ကို လာလည်တဲ့အချိန် အန်တီကြီး တယောက်တည်းရှိတော့ သတ်ပြီး ရွှေထည်ပစွည်းတွေ ယူသွားတာ။”
အခင်းဖြစ်ပြီးနောက် ရဲတွေဟာ သေဆုံးသူရဲ့သားဖြစ်သူကို စစ်ဆေးခဲ့ရာကနေ ပြစ်မှုကျူးလွန်သူ ဉာဏ်စိုးကို ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
“သူ့သားကတဆင့် သူ့အမေကိုသတ်တဲ့သူက သူ့သူငယ်ချင်းဆိုတာ သိတာ။ သတ်ပြီးလုသွားတဲ့ ရွှေထည်ပစ္စည်းတွေကို တောင်ဥက္ကလာမှာ ရောင်းပြီး ပြင်ဦးလွင်ကို သွားတဲ့အချိန် ဟိုတယ်မှာ မိတာ။ ငွေကြေးလိုအပ်ချက်အရ သူ့သူငယ်ချင်း အမေကို သတ်ရတာပါဆိုပြီး ဝန်ခံထားတယ်။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ဉာဏ်စိုးကို ဗဟန်းမြို့နယ်ရဲစခန်းက ကနဦးပုဒ်မ ၃၀၂ နဲ့ စစ်ဆေး အရေးယူထားပါတယ်။
ဇူလိုင် ၃၁ ရက်ကလည်း တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက် အနော်မာ ၁ လမ်းရှိ နေအိမ်တအိမ်မှာ အိမ်ကိုလာလည်တဲ့ ဧည့်သည်အမျိုးသားက အိမ်ရှင်အမျိုးသမီးနဲ့ မိသားစုဝင် ၂ ယောက်ကို ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းတွေ လုယူသွားပါတယ်။











