
ရခိုင်ပြည်နယ် တောင်ကုတ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးကျော်လမ်းက အာရက္ခတပ်တော် (AA) သိမ်းထားတဲ့ ပွိုင့် (၆၆၆) ကုန်းနဲ့ ရိုးပေါ်က ညောင်ကျိုးစခန်းကို စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပန်းတောင်မြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၆ ရဲ့ အဓိက ပွိုင့်ကုန်းတခုဖြစ်တဲ့ ၆၆၆ ပွိုင့်ကုန်းနဲ့ ညောင်ကျိုးစခန်းကို အခုစက်တင်ဘာ ၄ ကနေစပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်အထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
"စက်တင်ဘာ ၄ ရက်ကနေစပြီး အင်အား ၃၀၀ လောက် ခွဲပြီး ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ စဖြစ်နေတာပါ။ ၆၆၆ ပွိုင့်ကုန်းနားဝန်းကျင်နဲ့ လေလာတောင်နဲ့ ညောင်ကျိုးကြားမှာဖြစ်နေတာ။ တိုက်ပွဲကြားထဲမှာ နားလိုက်ဖြစ်လိုက်နဲ့ဖြစ်နေတာ။ သူတို့ဘက်က ထိုးစစ်ဆင်လာရင်ဖြစ်တယ်။ သူတို့ အထိနာသွားရင် ထပ်ပြီးနားတယ်။ ပြီးရင် ထပ်ထိုးပြီး ဖြစ်နေကြတာပါ ဒီကနေ့အထိပဲ။"
အဲ့ဒီထိုးစစ်တက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဟာ အထိနာနောက်ဆုတ်သွားခဲ့ပြီးနောက် ပွိုင့် ၆၆၆ နဲ့ ကပစ ၁၆ ကြားက စစ်အာဏာရှင်တပ်ရဲ့ ထောက်ပို့စခန်းတခုကို AA က တိုက်ခိုက် သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
"၆၆၆ ကို ထိုးစစ်ဆင်တဲ့စစ်ကြောင်းက အထိနာလို့ နောက်ဆုတ်တာ၊ AA ကလည်း ၆၆၆ ကုန်းနားကို နောက်ထပ်မလာနိုင်အောင် သူတို့ဆုတ်တဲ့အတိုင်း လိုက်တိုက်တယ်။ စကစအဖွဲ့တွေက ကြားမှာရှိတဲ့ ထောက်ပို့စခန်းတခုနဲ့ ပူးပေါင်းတယ်။ အဲ့ဒီထောက်ပို့စခန်းကိုပါ AA က ဝင်တိုက်တယ်။ အခုတော့ အဲဒီကုန်းကို AA က သိမ်းလိုက်တယ်။ စစ်ကောင်းစီဘက်က ကပစ ၁၆ ဘက်ကို နောက်ဆုတ်သွားတယ်။"
တဆက်တည်း ညောင်ကျိုးကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ရဲ့စစ်ကြောင်းနဲ့ AA တို့ လေလာတောင်နဲ့ ညောင်ကျိုးကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
အခုလို နှစ်ဖက်တိုက်ပွဲ ဖြစ်နေတဲ့ လေလာတောင်နဲ့ ညောင်ကျိုးကို စစ်အာဏာရှင်တပ် အထိုင်စခန်း တခုဖြစ်တဲ့ ဆင်လန်ကျေးရွာစခန်းကနေပြီး လက်နက်ကြီးနဲ့ ဒရုန်း ပစ်ကူပေးနေတယ်လို့ သိရ ပါတယ်။
တောင်ကုတ်-ပန်းတောင်းလမ်းပေါ်က ၆၆၆ ပွိုင့်ကုန်းကို AA က ပြီးခဲ့တဲ့ ၂၀၂၅ ခု အောက်တိုဘာ ၁၄ ရက်မှာ သိမ်းပိုက်ခဲ့ပြီး ညောင်ကျိုးဗျူဟာစခန်းကုန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်နေ့မှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။










