
ယီမင်နိုင်ငံထဲက ဟူသီအဖွဲ့က သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဆော်ဒီအာရေဗျနိုင်ငံက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လေကြောင်း၊ ဒုံးကျည်တို့နဲ့ ၁၀၆ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်မှာ ဟူသီတို့ရဲ့ အယ်လ်မာစီရာရုပ်သံလိုင်းက ဖော်ပြပါတယ်။
ဆော်ဒီရဲ့ တိုက်ခိုက်မှုတွေက မြို့တော် ဆာနာ၊ အယ်လ်ဂျော့ဖ်မြို့နဲ့ ထိုက်ဇ်မြို့တွေ အပါအဝင် ဒေသအများအပြားကို ထိမှန်ခဲ့ပါတယ်။
နောက်ဆုံး တိုက်ခိုက်မှုတွေနဲ့အတူ စက်တင်ဘာလမှာ လက်ရှိပဋိပက္ခ ပြင်းထန်လာချိန်ကစပြီး ဆော်ဒီအစိုးရက လေကြောင်းနဲ့ ဒုံးကျည်တို့နဲ့ တိုက်ခိုက်မှု စုစုပေါင်းအရေအတွက် ၁,၅၁၆ ကြိမ်အထိ ရှိခဲ့တယ်လို့ ဟူသီတို့ရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဟူသီတို့က အဲဒီနေ့မှာပဲ ဆော်ဒီမြို့တော် ရီယာ့ဒ်နဲ့ ခူရေးဒေသတို့က နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး ဆော်ဒီအာရမ်ကိုရဲ့ စက်ရုံ၊ အဆောက်အအုံ ၂ ခုကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဆော်ဒီဘက်ကတော့ ချက်ချင်း မတုံ့ပြန်သေးပါဘူး။
ယီမင်နိုင်ငံရဲ့ ပဋိပက္ခက နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး အခြေအနေကို ရောက်လာချိန်မှာ ဒီဖြစ်ရပ်တွေ ပေါ်ပေါက်လာတာပါ။
ယီမင်နိုင်ငံ အနောက်တောင်ပိုင်းတလျှောက် တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒုံးကျည်၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်ဖြစ်လာလို့ ဟူသီတွေနဲ့ ဆော်ဒီအာရေဗျတို့အကြား တိုက်ရိုက်ပဋိပက္ခတွေ ပြန်စလာခဲ့ပါတယ်။
၂၀၁၄ ခုနှစ် နှောင်းပိုင်းမှာ ဟူသီတို့က မြို့တော် ဆာနာနဲ့ ယီမင်မြောက်ပိုင်းဒေသ အများအပြားကို သိမ်းပိုက်ခဲ့ရာကနေ ယီမင်ပဋိပက္ခ စခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရကို ထောက်ခံတဲ့အနေနဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ၂၀၁၅ ခုနှစ် မတ်လမှာ ယီမင် ပြည်တွင်းစစ်ကို ဝင်ရောက်စွက်ဖက် တိုက်ခိုက်ခဲ့ပါတယ်။
Source: Reuters










