
ချီလီနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဆီးနှင်းတွေ ပိန်းပိတ်ကျပြီး ဝေးလံ ခေါင်သီတဲ့ တောင်ပေါ်စခန်းဆီသွားတဲ့ လမ်းကြောင်းအားလုံး ပိတ်ဆို့သွားခဲ့ပြီးနောက် မိုင်းတွင်း စီမံကိန်းတခုမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သားတစုကို ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဇူလိုင် ၂၄ ရက်မှာ စတင်လိုက်ပါတယ်။
ချီလီနိုင်ငံ အာတာကာမာဒေသရှိ ဘားရစ်ခ်ချီလီကုမ္ပဏီပိုင် ပါစ်ကွာလာမာ မိုင်းတွင်းစီမံကိန်းမှာ အနည်းဆုံး မိုင်းလုပ်သား ၃၉ ယောက်ပိတ်မိနေတာဖြစ်ပြီး အေးခဲနေတဲ့ ရာသီဥတုနဲ့ ပိုမိုဆိုးရွား လာတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် တယောက်က ပြောပါတယ်။
ကုမ္ပဏီဘက်ကတော့ ရာသီဥတုကြောင့် စခန်းတွေဆီ ကုန်းလမ်းကနေ သွားရောက်လို့မရတော့ဘဲ ဒေသတွင်း ရာသီဥတုအခြေအနေကြောင့် သောကြာနေ့မတိုင်ခင်အထိ လေကြောင်းကနေ ဘေးကင်းကင်း ရွှေ့ပြောင်းပေးဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
"အလုပ်သမားတွေဟာ ကျန်းမာရေးကောင်းမွန်ကြပြီး အပူချိန်ထိန်းစနစ်၊ လျှပ်စစ်မီး၊ အစားအသောက်နဲ့ ရေလုံလောက်စွာရရှိတဲ့ စခန်းအဆောက်အအုံတွေထဲမှာ စနစ်တကျ ခိုလှုံ နေကြပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖြည့်စွက်ဖော်ပြထားပါတယ်။
ချီလီ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး အမျိုးသားဌာနရဲ့ ထုတ်ပြန်ချက် အရ ရာသီဥတုဆိုးရွားမှုကြောင့် လူ ၁၃ ယောက် သေဆုံးကာ ၁၈ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး အာတာကာမာနဲ့ ကိုကွင်မ်ဘို ဒေသတွေမှာ လူပေါင်း ၄၅,၀၀၀ ကျော် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ သိရပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်အရ အဲဒီဒေသကို ချီလီမြောက်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ ပင်မလမ်းမကြီး ဖြစ်တဲ့ မြောက်ပိုင်းလမ်းမကြီး အမှတ် ၅ မှာ လာစရီနာလမ်းပိုင်းနဲ့ ကိုပီယာပိုး လမ်းပိုင်းအကြား သွားလာမှုကို သောကြာနေ့က အချိန်အပိုင်းအခြားနဲ့ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။
သိပ္ပံ၊ နည်းပညာ၊ အသိပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနကတော့ ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တဲ့ ကိုကွင်မ်ဘို ဒေသ၊ ပိုင်ဟွာနို ရှိ ရေဒီယိုနဲ့ အင်တာနက် လိုင်းတွေ ပြန်လည်ရရှိစေဖို့အတွက် အစားအသောက်၊ တကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းတွေနဲ့ Starlink အင်တာနက်ဂြိုဟ်တုအင်တာနာ အစရှိတဲ့ အဓိကလိုအပ်တဲ့ ပစ္စည်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်စွဲပါ အစိုးရအစီရင်ခံစာအရ ကိုကွင်မ်ဘိုရှိရီကိုလေတာ ရေလှောင်တမံမှာ ရေဝင်ရောက်မှုဟာ ထည့်သိုနိုင်စွမ်းရဲ့ ၇၉ ရာခိုင်နှုန်းအထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။
ချီလီအစိုးရဟာ ဒီသီတင်းပတ်အတွင်း အလယ်ပိုင်း ကိုကွင်မ်ဘိုဒေသ၊ မြောက်ပိုင်း ဟွာစ်ကို ပြည်နယ်နဲ့ တီအယ်ရာအာမာရီလ်ယာတို့မှာ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
Source:Reuters











